ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 07, 2025
image_latest


နေပြည်တော် မေ ၇

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/ အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီနှင့် ရှင်ဖြူရှင်လှဘုရားကြီးတို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက်အအုံများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများပူးပေါင်း၍ စုပေါင်းလုပ်အားပေးရှင်းလင်းဖယ်ရှားနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ နှစ် (၇၀၀) ပြည့်အားကစားခန်းမ၌ ရွှေမင်းဝံရပ်ကွက်၊ နီလာရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ ပျူကံရပ်ကွက်၊ စီတီးရပ်ကွက်နှင့် မီးရထားရပ်ကွက်များရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ငလျင်ဒဏ်သင့်ပြည်သူများအတွက် အိမ်ထောင်စု (၁) စုလျှင် စောင်၊ ခြင်ထောင်၊ တီရှပ်၊ ပုဆိုး၊ လုံချည်၊ ဒန်အိုး၊ ဇလုံ၊ ဇွန်း၊ ဆပ်ပြာ၊ ရေဖလား၊ ပန်းကန်ပြား၊ သောက်ရေခွက်၊ မိုးကာ၊ ဓား၊ မျက်နှာသစ်သဘက်နှင့် ကော်ပုံး စုစုပေါင်း (၁၆) မျိုး၊ အာဆီယံလူသားချင်းစာနာထောက်ထားမှု ကူညီရေးညှိနှိုင်းမှုဗဟိုဌာန (AHA Center) မှ မီးဖိုချောင်သုံးပစ္စည်းများနှင့် ဘရူနိုင်းနိုင်ငံက တစ်ကိုယ်ရည်သုံးပစ္စည်းတို့ကို ထောက်ပံ့ပေးဝေနေမှုများအား ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပန်းပဲတန်းရပ်ကွက်ရှိငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော လူနေအဆောက်အအုံများကို စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေမှုများ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယာယီကျောင်းဆောင်သစ်ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော ကျောင်းဆောင်အဆောက်အအုံများအား ဖယ်ရှားရှင်းလင်းနေမှုများနှင့်တို့ကို ပိုးတန်းရပ်ကွက်ရှိ လူနေအဆောက်အအုံများကို စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှု၍ လိုအပ်သည်များ မှာကြားကာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် စောင့်ရှောက်ရေးစခန်း၌ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် စည်းကမ်းစနစ်တကျရှိစေရေးတို့ကို စခန်းတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တိုးချဲ့ကျောင်းဆောင် ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ချင်းစုရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ယာယီကျောင်းဆောင်သစ်ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၆ လမ်းနှင့် ၈၆ လမ်းထောင့်ရှိ အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းရှိ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သော ခိုင်သဇင် (၁) ထပ်စာသင်ဆောင်များ၊ ခိုင်ရွှေဝါ (၁) ထပ်စာသင်ဆောင်များ၊ ကံ့ကော် (၃) ထပ် စာသင်ဆောင်၊ နဝရတ်ဆောင်ရှိ မြတ်စေတနာခန်းမ၊ ကျောင်းစာကြည့်တိုက်နှင့် စတိုခန်းဆောင်များအား အသိအမှတ်ပြု လက်မှတ်ရအင်ဂျင်နီယာ (PE) အဖွဲ့များက (SOP) အတိုင်း စစ်ဆေးနေမှုများ၊ Level-1 အဆင့် စစ်ဆေးပြီး အဆောက်အဦများအား ပျက်စီးမှုအဆင့်အတန်းအလိုက် POST EARTHQUAKE ASSESSMENT သတ်မှတ်၍ ခွဲခြားထားသည့် အရောင်များအတိုင်း အဆင့်သတ်မှတ်မှုအခြေအနေများကို လိုက်လံကြည့်ရှု၍ ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်သည်။

၎င်းနောက် ၂၆ လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများ၊ တပ်မတော်သားများစုပေါင်း၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများ၊ ကျောင်းရှိ ထွန်းသစ္စာ (၂) ထပ်ကျောင်းဆောင်၌ Grade-12 Camp (လေ့ကျင့်ရေးစခန်း) ဖွင့်လှစ်ထားရှိသည့် အခြေအနေများ၊ ကျောင်းရှိ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သော မြစန္ဒာ၊ မြသီတာ၊ မြဧရာ၊ မိဘမေတ္တာ၊ သီရိနှင့် မြရတနာ (၂) ထပ် စာသင်ဆောင်များ၊ ကျောင်းအုပ်ကြီးရုံး၊ ဌေးသန်းမြင့်ခန်းမ၊ သိပ္ပံလက်တွေ့စမ်းသပ်ခန်း၊ ရေသန့်စက်၊ ရေစင်နေရာများအား အသိအမှတ်ပြုလက်မှတ်ရ အင်ဂျင်နီယာ (PE) အဖွဲ့များက (SOP) အတိုင်း စစ်ဆေးနေမှုများနှင့် Level-1 အဆင့် စစ်ဆေးပြီး အဆောက်အအုံများအား ပျက်စီးမှုအဆင့် အတန်းအလိုက် POST EARTHQUAKE ASSESSMENT သတ်မှတ်၍ ခွဲခြားထားသည့် အရောင်များအတိုင်း အဆင့်သတ်မှတ်မှုအခြေအနေများအား လိုက်လံကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသည့် အဆောက်အအုံများအနက် အသိအမှတ်ပြုလက်မှတ်ရ အင်ဂျင်နီယာ (PE) အဖွဲ့များက (SOP) အတိုင်း စစ်ဆေးပြီး အဆင့်သတ်မှတ်ပြီးစီးသည့် အဆောက်အအုံများအား ဦးစားပေးအဆင့်အလိုက် ဖယ်ရှားရှင်းလင်းရေး၊ ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေးနှင့် အသုံးပြု၍ရသည့် ပရိဘောဂပစ္စည်းများအား စနစ်တကျပြန်လည်ပြုပြင်ထိန်းသိမ်းသွားရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အမှတ် (၁၅) အခြေခံပညာအထက်တန်းကျောင်းနှင့် အမရပူရမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ရေကြည်ပေါက်ကျေးရွာ) ၌ ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများ၊ တပ်မတော်သားများ စုပေါင်း၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများနှင့် စာသင်ကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူ/ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးသည်။ ထို့နောက် အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၁၇) အခြေခံပညာအထက်တန်းကျောင်အတွင်း ဖွင့်လှစ်ထားသော ငလျင်ဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းရှိ ငလျင်ဒဏ်သင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းကာ စာသင်ကျောင်းများရှိ ငလျင်ဒဏ်ကြောင်း ထိခိုက်ပျက်စီးခဲ့သော အဆောက်အအုံများအား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် အမှတ် (၁၇) အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ ကွင်းပြင်တွင် ငလျင်ဘေးသင့်ပြည်သူများအတွက် ဆောက်လုပ်လျက်ရှိသော Modular House များ တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် အမရပူရမြို့နယ်ရှိ ရွှေလင်းပင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး သို့သွားရောက်၍ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည်များ၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက်ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုအားပေး၍ ဆရာတော်ကြီးများအား အလှူငွေများပေးအပ်လှူဒါန်းကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်နှင့် တံစိုး-မင်းစု သွားကားလမ်းမပေါ်တို့ရှိ နေထိုင်ရန်မသင့်သော အန္တရာယ်ရှိအဆောက်အအုံများအား ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံများ ရှင်းလင်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ ထိခိုက်မှုမရှိစေဘဲ ရှင်းလင်းဆောင်ရွက်နိုင်ရေး၊ လျှပ်စစ်မီးကြိုးများအား စနစ်တကျ ကြိုတင်ရှင်းလင်းဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ထိခိုက်မှုမရှိစေရန်နှင့် အပျက်အစီးများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်ပေါ်စေရန် အမြန်ရှင်းလင်းဆောင်ရွက်နိုင်ရေးမှာကြားပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့်အဆောက်အအုံများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အထိအဆောက်အဦ (၆၄၅၁) လုံးအား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်နေထိုင်နိုင်မည့် အဆောက်အအုံ (၆၁၄၆) လုံး၊ ဦးစားပေးဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိ အဆောက်အအုံ (၃၀၅) လုံးမှ အဆောက်အအုံ (၂၇၇) လုံးအား ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အအုံ (၂၈) လုံး ဖြစ်သည်။

၎င်းနောက် စဉ့်ကိုင်မြို့နယ်၊ မြေစာရင်းရုံးရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော အဆောက်အဦများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ ယာယီရုံးဖွင့်လှစ်ဆောင်ရွက်ရန်အတွက် Modular House (၂) လုံး တည်ဆောက်ပေးမည့် မြေနေရာအား ရွေးချယ်ပေးပြီး အဆောက်အအုံပျက်စီးဆုံးရှုံးမှုများအား သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြ၍ လမ်းညွှန်မှုခံယူသွားရန်နှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် စဉ့်ကိုင်မြို့နယ်ရှိ မြတ်မင်္ဂလာသီလရှင်စာသင်တိုက်သို့ သွားရောက်၍ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် နားလည်တတ်ကျွမ်းသူများနှင့် တိုင်ပင်၍ ငလျင်ဒဏ်အင်အားရစ် (ခ်) တာစကေးအဆင့် (၈) အထိခံနိုင်သည့် အဆောက်အအုံများ တည်ဆောက်သွားရန်လိုအပ်ကြောင်း၊ အဆောက်အအုံများ တည်ဆောက်ရာတွင် လိုအပ်သော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စက်ရုံထုတ်အထူးဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း လျှောက်ထားပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ရန်အတွက် ယနေ့တွင် ဘုန်းတော်ကြီးကျောင်း (၁၄) ကျောင်းနှင့် သီလရှင်ကျောင်း (၁) ကျောင်းတို့အား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ဘိလပ်မြေ (၁၈၀၀) အိတ်၊ 10mm သံချောင်း (၂.၅) တန်၊ 16 mm သံချောင်း (၅) တန်၊ အထပ်သား (၄၀) ချပ်တို့အား တိုက်ရိုက်ရောင်းချပေးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစာများ - ၃၁၅၈ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: ၃၂

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download