တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 10, 2026
နေပြည်တော် ဇွန် ၉
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၅၈ ဦး တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက ဂျပန်-မြန်မာ ယဉ်ကျေးမှု မြှင့်တင်ရေးအသင်းဥက္ကဋ္ဌ မစ္စတာ ဖူမီအို အူဆုအိနှင့် ညွှန်ကြားရေးမှူး မစ္စတာ နာအို ဟိကို တာကခု၊ ဂျပန်-မြန်မာ ပါလီမန်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် မစ္စတာ ဟီရိုမိချိ ဝါတာနာဘေး၊ ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ မစ္စတာ ကြူကုန်းဖုန်၊ ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌ မစ္စတာ အီဗန် ပိုလီယာ ကော့ဗ်၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် မစ္စတာ အင်ဒရာ မာနီ ပန်ဒေး၊ မြန်မာနိုင်ငံဆိုင်ရာ အိုက်စလန်နိုင်ငံဂုဏ်ထူးဆောင် ကောင်စစ်ဝန် ဦးကိုကိုလတ်၊ ဂျပန်နိုင်ငံ နာဂိုယာမြို့ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် မစ္စတာ တိုရှိအို နီရှိမူရ၊ ဂျပန်နိုင်ငံ ကိုဘေးမြို့ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် မစ္စတာ နိုရီအဆု အိုတိုမိုရိ၊ ဘရာဇီးနိုင်ငံ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် မစ္စတာ ရီကာဒို စီကာရီ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် မစ္စတာ အိတ်ဟ် အမ် ဟာကန်အလီ၊ ကနေဒါနိုင်ငံ၊ မြန်မာလူငယ်များအသင်းတို့က နိုင်ငံတော်သမ္မတထံသို့ပေးပို့လာသော ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြပြီး မှတ်တမ်းတင်သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်တရားသူကြီးများနှင့် မြို့တော်ဝန်များ ခန့်အပ်တာဝန်ပေးအပ်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြပြီး မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၆) အရေးပေါ်အခြေအနေကြေညာခြင်းနှင့် အမိန့်အမှတ် (၂/၂၀၂၆) စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းတို့နှင့်စပ်လျဉ်း၍ ဝန်းသိုမဲဆန္ဒနယ်မှ ဦးစိုးပိုင်က ယခုထုတ်ပြန်ထားသည့် မြို့နယ် ၆ဝ တွင် လက်နက်ကိုင်အကြမ်းဖက်မှုများချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှုရရှိမှသာ ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်လာနိုင်မည်ဖြစ်ပါကြောင်း၊ လူထုအကြား ကြောက်ရွံ့မှုနှင့် မငြိမ်မသက်ဖြစ်မှုများကို လျော့နည်းစေပြီး နေ့စဉ်ဘဝပုံမှန်ပြန်ဖြစ်လာစေမည် ဖြစ်ပါကြောင်း၊ အစိုးရဌာနများ၊ ကျောင်းများ၊ ဆေးရုံများနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများလည်း ပြန်လည်လည်ပတ်လာစေနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၆) အရေးပေါ် အခြေအနေကြေညာခြင်းနှင့် အမိန့်အမှတ် (၂/၂၀၂၆) စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးရန်အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ထို့နောက် ငါန်းဇွန်မဲဆန္ဒနယ်မှ ဦးလှမင်းက ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ အရ ငါန်းဇွန်မြို့နယ်ကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စဉ့်ကူး၊ မိုးကုတ်မြို့နယ်များနှင့်အတူ အရေးပေါ်အခြေအနေကြေညာကာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့ရာ သက်တမ်း (၄) ကြိမ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ငါန်းဇွန်မြို့နယ်လုံခြုံရေးကို ထိရောက်စွာဆောင်ရွက်နိုင်လျှင် မြစ်မြောက်ဘက်နှင့်အနောက်ဘက်ရှိ စစ်ကိုင်း၊ မြင်းမူ၊ မြောင်၊ မြင်းခြံ၊ နွားထိုးကြီး၊ တံတားဦးနှင့် လေယာဉ်ကွင်း လုံခြုံရေးတို့အတွက်ပါ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မန္တလေးနှင့်နီးကပ်ပြီး အတွင်းပိုင်းကျသော ငါန်းဇွန်မြို့နယ်ကို စစ်အုပ်ချုပ်ရေးသက်တမ်းမကုန်ခင်အတွင်း အပြီးသတ်စိုးမိုးလုံခြုံမှုရရှိစေရန် တာဝန်ရှိအုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် ငါန်းဇွန်မြို့နယ်အတွင်းရှိ ပြည်သူများ မူလအခြေ အနေအတိုင်း ပြန်လည်နေထိုင်နိုင်ရန် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသည့်အတိုင်း ဖိဖိစီးစီး လုံခြုံရေးကိစ္စများကို ဆောင်ရွက်ပေးပါရန် ဆွေးနွေးသည်။
ယင်းနောက် တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေက ဒေသခံပြည်သူများအတွက် အစားအသောက်နှင့် အခြေခံလိုအပ်ချက်များ လုံလောက်စေရေး၊ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများ ပုံမှန်ပြန်လည်ပေးနိုင်ရေး၊ လမ်းပန်းဆက်သွယ်မှု လျှပ်စစ်စွမ်းအားနှင့် ဆက်သွယ်ရေးကဲ့သို့ အခြေခံအဆောက်အအုံများ အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သင့်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ပုံမှန်အုပ်ချုပ်ရေးစနစ်၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ နေ့စဉ်ဘဝ ပုံမှန်ပြန်လည်တည်ငြိမ်ရေးကို အဓိကဦးတည်ချက်အဖြစ် သတ်မှတ်ဆောင်ရွက်သင့်ပါကြောင်း၊ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားအကျိုးစီးပွားနှင့် ပြည်သူများ၏ဘဝ လုံခြုံရေးကိုရှေးရှု၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီထုတ်ပြန်ထားသော အမိန့်အမှတ် (၁/၂၀၂၆) နှင့် အမိန့်အမှတ် (၂/၂၀၂၆) တို့ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးသင့်ပါကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၅) မှ ဦးထိန်လင်းက ယခုကဲ့သို့ လွှတ်တော်သို့တင်သွင်း၍ အတည်ပြုချက်ရယူခြင်းသည် ဒီမိုကရေစီစနစ်၏ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်အကြား အပြန်အလှန်ထိန်းကျောင်းမှုကို ဖော်ဆောင်ခြင်းဖြစ်ပါကြောင်း။
အဆိုတွင်ပါဝင်သည့် ဒေသများတွင် တရားဥပဒေစိုးမိုးရေး ယိုယွင်းပျက်ပြားစေရန်နှင့် အုပ်ချုပ်ရေးယန္တရားများ ပုံမှန်မလည်ပတ်နိုင်စေရန် နှောင့်ယှက်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များပြုလုပ်နေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ သာမန်အုပ်ချုပ်ရေး နည်းလမ်းများဖြင့် ထိန်းကျောင်းရန်ခက်ခဲသောကြောင့် ယခုကဲ့သို့ အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းဖြင့်သာ ထိရောက်မြန်ဆန်သော လုံခြုံရေးတုံ့ပြန်မှုများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး အခြေအနေများကို မူလအတိုင်း ပြန်လည်တည်ငြိမ်လာအောင် ထိန်းသိမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ ရေရှည်အကျိုးစီးပွားကို ရှေးရှုပြီး နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၁/၂ဝ၂၆) အရေးပေါ်အခြေအနေကြေညာခြင်းနှင့် အမိန့်အမှတ် (၂/၂ဝ၂၆) စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခြင်းတို့ကို လွှတ်တော်ကအတည်ပြုပေးရန် ထောက်ခံဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၆) အရေးပေါ်အခြေအနေကြေညာခြင်းနှင့် အမိန့်အမှတ် (၂/၂၀၂၆) စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခြင်းတို့နှင့်စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် အတည်ပြုကြောင်းကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ်ဆီ HSD(500ppm) အပေါ် ကျသင့်သည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဝန်းသိုမဲဆန္ဒနယ်မှ ဦးစိုးပိုင်က ဒီဇယ်ဆီစက်သုံးဆီ တင်သွင်းရောင်းချခြင်းသည် နိုင်ငံတော်အတွက် အခွန်အကောက်ရရှိမှုအပိုင်းတွင် အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်သည့်အတွက် နိုင်ငံတော်၏ဘဏ္ဍာငွေရရှိမှုအပိုင်းတွင် များစွာထိခိုက်နိုင်ပါကြောင်း၊ အခွန်ငွေများလျော့နည်းသွားလျှင် အစိုးရ၏အသုံးစရိတ်များကို ဖြည့်ဆည်းရန်ခက်ခဲနိုင်ပြီး ဘဏ္ဍာရေးလိုငွေပြမှု (Fiscal Deficit) ကို ပိုမိုမြင့်တက်လာစေနိုင်ပါကြောင်း၊ အခွန်သက်သာခွင့်ပေးတိုင်း ပြည်သူများအကျိုးအပြည့်အဝရမည်ဟု မဆိုနိုင်သည်ကိုလည်း သတိချပ်စေလိုပါကြောင်း၊ ဒီဇယ်ဈေးများမတက်အောင် အစိုးရ၏စီမံမှုများသည် ပြည်သူများထံ၊ စားသုံးသူများထံ အမှန်တကယ်ရောက်ရှိ ခံစားခွင့် ရ၊ မရ စောင့်ကြည့်သုံးသပ်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အခွန်ငွေဆုံးရှုံးမှုနှင့် ပြည်သူများရရှိမည့် အကျိုးကျေးဇူးတို့အကြား မျှတသောရလဒ်ဖြစ်သင့်ပါကြောင်း၊ ထို့ကြောင့် ဒီဇယ်ဆီစက်သုံးဆီ အခွန်ကင်းလွတ်ခွင့်ကိစ္စသည် တစ်လချင်းအလိုက် ခွင့်ပြုချက်တောင်းခံမှုမျိုးဖြစ်သည့်အတွက် လက်ရှိအခြေအနေမျိုးတွင် အခွန်ကင်းလွတ်ခွင့်များတောင်းခံမှုကို ပြည်သူလူထုအကျိုး ဖြစ်ထွန်းမှုအတွက် အထောက်အကူ ဖြစ်၊ မဖြစ် စောင့်ကြည့်သုံးသပ်သွားရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထို့နောက် တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေက ဒီဇယ်ဆီအပေါ် အခွန်ယာယီ သက်သာခွင့်ပြုခြင်းသည် အခွန်လျှော့ပေးခြင်းသာမက စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ၏ ကုန်ကျစရိတ်ကို လျှော့ချပေးခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးရည်မှန်းချက်ကို လက်တွေ့ အကောင်အထည်ဖော်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် HSD (500ppm) ဒီဇယ်ဆီအပေါ် အခွန်ကင်းလွတ်ခွင့်ပြုရေးအဆိုကို အပြည့်အဝထောက်ခံပါကြောင်းနှင့် Fuel Neutral Policy ကို ထိန်းသိမ်းနိုင်ရန် Premium Diesel (50ppm) ကိုလည်း Diesel Fuel Cate-gory အတွင်း ထည့်သွင်း၍ အလားတူ ယာယီအခွန်ကင်းလွတ်ခွင့်ပြုသင့်ပါကြောင်း ဆွေးနွေးသည်။
ယင်းနောက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ်ဆီ HSD (500ppm) အပေါ် ကျသင့်သည့်အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြု နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် လက်ရှိအခြေအနေတွင် နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အဓိကအသုံးပြုရသည့် ဒီဇယ်ဆီ HSD (500 ppm) ဈေးနှုန်းတည်ငြိမ်စေရန်၊ ကုန်ကျစရိတ် လျှော့ချနိုင်ရန်နှင့် အခြေခံပြည်သူလူထု၏ လူမှုစီးပွားဘဝအဆင်ပြေချောမွေ့စေရေးကို အဓိကဦးတည်၍ ဒီဇယ်ဆီ HSD (500 ppm)ကို ကင်းလွတ်ခွင့်ပေးခြင်း ဖြစ်ပါကြောင်း။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းအခြေအနေ၊ ပြည်တွင်းဒီဇယ်ဆီဈေးနှုန်းနှင့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းအခြေအနေ၊ အခြားဒေသတွင်း နိုင်ငံများ၏ တုံ့ပြန်ဆောင်ရွက်မှုအခြေအနေများကို လစဉ်စိစစ်သုံးသပ်လျက်ရှိပြီး လိုအပ်ပါက ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ထပ်မံကင်းလွတ်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
သို့ဖြစ်၍ ဒီဇယ်ဆီ HSD (500 ppm) အပေါ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၃၇ နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးနိုင်ပါရန် ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ်ဆီ HSD (500ppm) အပေါ် ကျသင့်သည့်အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ စက်ခလုတ်အသုံးပြု၍မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်ဆန္ဒမဲ ၁၀ မဲ၊ ကြားနေဆန္ဒမဲ ၇ မဲ၊ ထောက်ခံဆန္ဒမဲ ၄၉၇ မဲဖြစ်သဖြင့် ထောက်ခံမဲများသည့်အတွက် လွှတ်တော်ကအတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးတတိယနေ့ကို ဇွန် ၁၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၅၅၂ ခု
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇွန် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
