နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 12, 2025

နေပြည်တော် မတ် ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်းစီမံကိန်း
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျသီရိမြို့နယ်၊ အောင်ဇေယျ၊ မအူတော၊ သက်နှင်းအင်း ကျေးရွာအုပ်စု၊ ပင်လောင်းလမ်းဆုံအနီးရှိ စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်းစီမံကိန်းနေရာသို့ ရောက်ရှိကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများက စီမံကိန်းရှင်းလင်းဆောင်တွင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ရေပေးမြောင်းများနှင့် ကုန်ထုတ်လမ်းများ ထည့်သွင်းဆောင်ရွက်ထားရှိမှု၊ ယခင်က မိုးတစ်သီးသာစိုက်ပျိုးနိုင်သော်လည်း ယခုကဲ့သို့ စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ပေးနိုင်ခဲ့သည့်အတွက် တစ်နှစ်လျှင်သုံးသီး စိုက်ပျိုးဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းသည် အရင်းအနှီးကြီးမားသည့် လုပ်ငန်းရပ်တစ်ခုဖြစ်သော်လည်း အကျိုးအမြတ်များပြီး တစ်ဦးချင်းစီနှင့် နိုင်ငံတော်အတွက် အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်း လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ဆောင်ရွက်သွားရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တောင်သူများကိုလည်း စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေး ဆောင်ရွက်သွားရန်လိုကြောင်း၊ “အစကောင်းမှ အနှောင်းသေချာမည်” ဆိုသကဲ့သို့ စိုက်ပျိုးမြေများကို စနစ်တကျဖြစ်စေရေး စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းနှင့် စက်ယန္တရားများအသုံးပြု၍ စနစ်တကျ မြေပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းသည် ရေရှည်အကျိုးအတွက် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် အခြေခံအချက်များဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း ၄ သွယ်တွင် မြေကိုစနစ်တကျပြုပြင်ဆောင်ရွက်သကဲ့သို့ မျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်ပျိုးရေနှင့် အောင်ရေရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်မှုရရှိစေရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက ပန်းတိုင်အထွက်နှုန်းများ ပြည့်မီနိုင်မည်ဖြစ်ကြောင်း။
ယခုဖော်ထုတ်ပြီးစီးသည့် စက်မှုလယ်ယာစနစ်ကျလယ်မြေကို စံပြဖြစ်အောင် ဆောင်ရွက်သွားရန်လိုပြီး စိုက်ပျိုးမှု၊ ထွက်ရှိမှုတို့ကို စနစ်တကျမှတ်တမ်းတင်ထားရှိရန်လိုကြောင်း၊ စိုက်ဧကများအားလုံး၌ မည်သည့်သီးနှံကို စိုက်ပျိုးသည်ဖြစ်စေ အပင်ရေပြည့်မီအောင် စိုက်ပျိုးသွားရန်လည်းလိုကြောင်း၊ မိမိတို့နိုင်ငံတွင် ကျေးလက်နေလူဦးရေသည် ပိုမိုများပြားပြီး စိုက်ပျိုးမွေးမြူရေးကို အဓိကဆောင်ရွက်ကြသည်ဖြစ်သဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ထားရှိမှုနှင့် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနေမှုအခြေအနေများ၊ စီမံကိန်းနယ်မြေအတွင်း စပါး စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
မြန်မာ-ကိုရီးယား အဆင့်မြင့်ဆန်စက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စိမ်းစားပင်ကျေးရွာရှိ မြန်မာ-ကိုရီးယား အဆင့်မြင့်ဆန်စက်သို့ ရောက်ရှိရာ တာဝန်ခံဖြစ်သူ ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ဒေသထွက်ဆန်မျိုးများအလိုက် ကြိတ်ခွဲထုတ်လုပ်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဆန်စက်အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက မြန်မာ-ကိုရီးယား အဆင့်မြင့်ဆန်စက်ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ ဒေသထွက်စပါးများအား သိုလှောင်နိုင်မှု၊ ကြိတ်ခွဲနိုင်မှုဖြင့် ထွက်ရှိလာသည့်ဆန်များအား ဖြန့်ဝေနိုင်မှုအခြေအနေများ၊ သမဝါယမအသင်းအချင်းချင်း ပူးပေါင်း၍ ဆန်စက်လည်ပတ်နိုင်ရေး ဆောင်ရွက်မှုအခြေအနေများ၊ သမဝါယမအသင်းများ၏ အားသာချက်များနှင့် ကြုံတွေ့ရသည့် အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဓိကအားဖြင့် ဆန်များအရည်အသွေးကောင်းမွန်ရန်လိုပြီး ပြည်သူများ အဆင့်မီမီစားသုံးနိုင်ရမည်ဖြစ်ကြောင်း၊ ဈေးကွက်ရှိပြီး အရည်အသွေးမီသည့် ဆန်များ ဖြစ်ရန်လိုကြောင်း၊ Eating Quality ကောင်းပြီး ဈေးကွက်ရရှိနိုင်သည့်ဆန်များ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန်လိုကြောင်း၊ မြန်မာ့ဂုဏ်ဆောင် ပေါ်ဆန်းမွှေးဆန်အား ကမ္ဘာ့ဈေးကွက်ရရှိရေး ကြိုးပမ်းရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
နဝင်းချောင်းတံတား(အဆုံ) ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်လျက်ရှိမှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နဝင်းချောင်းတံတား(အဆုံ)နေရာသို့ ရောက်ရှိကြပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မိုးအဆက်မပြတ်ရွာသွန်းကာ ရေတိုက်စားမှုကြောင့် တံတားပြိုကျပျက်စီးခဲ့မှုအား ၄ လမ်းသွားတိုးချဲ့တည်ဆောက်ပြီးစီးမှု၊ တံတားရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တံတားချဉ်းကပ်ရေလမ်းအနီး မြစ်ကြောင်းဖြောင့်ခြင်း၊ မြေထိန်းနံရံများပြုလုပ်ခြင်း၊ သောင်တူးဖော်ခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆောင်းနေကြာ ဧက ၈ဝ စိုက်ခင်း ဆောင်ရွက်ထားရှိမှု
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ဆောင်းနေကြာ ဧက ၈၀ ၈၀ စိုက်ခင်းနေရာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ယခင်နှစ်၊ စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးသွားသည့် ရှောက်ကုန်းကျေးရွာအနီးရှိ လယ်မြေများအတွင်း ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးထားရှိမှု၊ ဆောင်းနေကြာစိုက်ခင်းအတွင်း ရေဆင်းစပ်မျိုးနေကြာ-၁ အမျိုးအစားအားစိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံအနေဖြင့် စားသုံးဆီကို ပြည်ပမှနှစ်စဉ်တင်သွင်းရလျက်ရှိသဖြင့် ဆီထွက်သီးနှံများကို ဖြစ်ထွန်းအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နေကြာသီးနှံအပါအဝင် ဆီထွက်သီးနှံများ ပန်းတိုင်ရည်မှန်းချက်ရအောင် ဆောင်ရွက်နိုင်မည်ဆိုပါက စားသုံးဆီဈေးနှုန်းများလည်း ကျဆင်းလာမည်ဖြစ်ကြောင်း၊ သီးထပ်စိုက်ပျိုးမှုများ အောင်မြင်အောင်ဆောင်ရွက်ပြီး အထွက်နှုန်းများကောင်းမွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားပြီး ဒေသခံစိုက်ပျိုးရေးတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ကံကြီးမွေးမြူရေးဇုန်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်ကုန်းမြို့နယ်၊ ကံကြီးကျေးရွာရှိ ကံကြီးမွေးမြူရေးဇုန်သို့ ရောက်ရှိကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ကံကြီးမွေးမြူရေးဇုန်၊ ရွှေမြို့မွေးမြူရေးဇုန်နှင့် ပြောင်ခေါင်းကြီး မွေးမြူရေးဇုန်တို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ဇုန်များအလိုက် မွေးမြူရေးလုပ်ငန်းများအား သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိမှုနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိအနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး သာယာဝပြောသည့် နိုင်ငံဖြစ်ပေါ်စေရန်၊ နိုင်ငံတွင် စားရေရိက္ခာပေါများပြီး နိုင်ငံသူနိုင်ငံသားများအားလုံး ဝဝလင်လင်ဖြင့် အာဟာရပြည့်ဝစွာ ကျွေးမွေးနိုင်သည့် နိုင်ငံဖြစ်စေရန်ဟူသည့် မူဝါဒများပင်ဖြစ်ကြောင်း၊ ဒေသအလိုက် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များဖူလုံစေရေးအတွက် နိုင်ငံအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များကို ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ ဒေသတွင်းစားသုံးမှုဖူလုံရေးကို ကနဦး ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပြည်တွင်းစားသုံးမှုဖူလုံရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံရေးကို ဆောင်ရွက်ပြီးပါက ပြည်ပသို့တင်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သည် မြို့နေသူများဖြစ်၍ သား၊ ငါး၊ ဥ များ ဖူလုံစွာစားသုံးနိုင်ရန်လိုကြောင်း၊ အလားတူ ကျေးလက်နေပြည်သူများတွင် ဒေသအလိုက် မွေးမြူရေးများရှိသဖြင့် စနစ်တကျမွေးမြူရန်လိုကြောင်း၊ ဒေသတွင်းရှိသည့် လူဦးရေနှင့်အသားစားသုံးနိုင်မှုအချိုးကို တွက်ချက်၍ တစ်နေ့လိုအပ်ချက်၊ တစ်လလိုအပ်ချက်၊ တစ်နှစ်လိုအပ်ချက် စသည်ဖြင့် တွက်ချက်ပြီး စနစ်ကျနသည့် မွေးမြူရေးကိုဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအပြင် အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း မိမိတို့ဒေသအလိုက် စားရေးဖူလုံရေးကို စနစ်တကျဖြင့် တွက်ချက်၍ စနစ်ကျနသည့် မွေးမြူရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသဖြင့် ဒေသအလိုက် မွေးမြူရေးဇုန်များကို အောင်မြင်အောင်ဆောင်ရွက်သွားကြရန်လိုပြီး ပြည်တွင်းအသားစားသုံးမှုဖူလုံရေးကို ဖော်ဆောင်နိုင်ရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်သည့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့်လည်း ခိုင်မာမှုရှိပြီးဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုထုတ်ကုန်ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဇုန်များအလိုက် မွေးမြူရေးထုတ်ကုန်များကို အထွက်နှုန်းကောင်းမွန်အောင်ဆောင်ရွက်၍ ပြည်တွင်းစားသုံးမှုဖူလုံပြီး ပိုလျှံသည်များကို အသားအကြမ်းထည်တင်ပို့ခြင်း၊ MSME လုပ်ငန်းများဖြင့် ကုန်ချောပြုလုပ် တင်ပို့ခြင်းတို့ဖြင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကံကြီးမွေးမြူရေးဇုန်အတွင်းရှိ လုပ်ငန်းရှင် ဦးတင်မြိုင်၏ အသားတိုးဝက်မွေးမြူရေးခြံ၊ လုပ်ငန်းရှင် ဦးမြတ်စံ၏ အသားတိုးကြက်နှင့် ဥစားကြက်မွေးမြူရေးခြံ၊ ဦးတွမ်ခင်ဝင်း၏ နို့စားနွားနှင့် နွားသားပေါက် မွေးမြူရေးခြံတို့အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျသီရိမြို့နယ်၊ ပင်လောင်းလမ်းဆုံအနီး စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းစီမံကိန်းနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးနှင့် တောင်သူတစ်ဦး၏ ပြောကြားမှုကိုလည်းကြားသိခဲ့ရပါသည်။
သတင်းစာများ - ၃၁၀၄ ခု

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်၊ မတ် ၅ ရက် ၊ဗုဒ္ဓဟူးနေ့။
