နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် MSME လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် MSME လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 11, 2025

နေပြည်တော် ဇူလိုင် ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် MSME လုပ်ငန်းရှင်များအား မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မိတ္ထီလာခရိုင် အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြ
ဦးစွာ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မိတ္ထီလာခရိုင်အတွင်းသို့ ရောက်ရှိစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ မန္တလေးငလျင်ကြီးကြောင့် နိုင်ငံပိုင်နှင့် ပြည်သူပိုင်အဆောက်အအုံများထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအပေါ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ပညာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်နိုင်မှု၊ မိတ္ထီလာမြို့ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရေးဆွဲဆောင်ရွက်လျက်ရှိမှု၊ ခရိုင်အတွင်း ဆိုလာဓာတ်အားပေးစက်ရုံများ တည်ဆောက်လည်ပတ်လျက်ရှိမှုနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်မှု၊ ခရိုင်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့်ရေပေးဝေရေးဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးက မိတ္ထီလာခရိုင်အတွင်း သန့်ရှင်းသာယာလှပရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကောင်းမွန်ရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်မှု ရှိစေရေး၊ မိတ္ထီလာမြို့ ရေရရှိရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က တိုင်းဒေသကြီးအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ဆီထွက်သီးနှံများ တိုးတက်စိုက်ပျိုးထုတ်လုပ်လျက်ရှိမှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ဖြည့်စွက်ဆွေးနွေးမှာကြား
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မည်သည့်အစိုးရ နိုင်ငံတော်တာဝန်ယူသည်ဖြစ်စေ ကိုယ်တိုင်အလုပ်လုပ်မှ အကျိုးခံစားခွင့်နှင့် တိုးတက်မှုများ ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိတ္ထီလာဒေသ စိမ်းလန်းစိုပြည်ရေးအတွက် ဒေသအလိုက်၊ ရပ်ကွက်ကျေးရွာများအလိုက် Green Zone များ ဖော်ဆောင်ကြရန်လိုကြောင်း၊ အပူရှိန်လျှော့ချရေးနှင့် ရာသီဥတုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန်မှာ သစ်ပင်စိုက်ပျိုးခြင်းပင်ဖြစ်ပြီးကျေးရွာ၊ ရပ်ကွက်တစ်ခုချင်းစီအလိုက် မိမိတို့ကျေးရွာ၏ အနီးဝန်းကျင်တွင် သစ်တောသစ်ပင် အနည်းဆုံးနှစ်ဧကခန့် စိုက်ပျိုးခြင်းများကို ဆောင်ရွက်၍ Green Zone များ ဖော်ဆောင်ကြရန်လိုကြောင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းမကြီး လမ်းဘေးဝဲယာ၌ သစ်ပင်များ စိုက်ပျိုးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုပြီး ရှင်သန်မှုမရှိသည့်သစ်ပင်များ၊ ရှင်သန်မှုရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြုန်းတီးသွားခဲ့သည့်သစ်ပင်များနေရာ၌ အစားထိုးပြန်လည်စိုက်ပျိုးခြင်းများကို ဆောင်ရွက်သွားရန် လိုကြောင်း၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ရေးဆွဲဆောင်ရွက်ရာတွင် နောင်အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့် လူဦးရေနှင့် အခြေခံလိုအပ်ချက်များကိုပါ ထည့်သွင်းတွက်ချက်၍ အသေးစိတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့ပြစီမံကိန်းများတိုးချဲ့ရာတွင် နိုင်ငံ့စီးပွားရေးနှင့် စားရေရိက္ခာဖူလုံရေး၌ အဓိကကျသော လယ်မြေများကို အသုံးမပြုမိရန်လိုကြောင်း၊ မိတ္ထီလာခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ခရိုင်အတွင်းလိုအပ်သည့် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့် တိုးချဲ့ဆောင်ရွက် သွားရန်လိုကြောင်း၊ အလားတူရေဖူလုံမှုရှိစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည့် သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းများကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်စေရေး၊မီးဖိုချောင်သုံးသီးနှံများ ပိုမိုတိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသတွင်းကျောင်းနေအရွယ် ကလေးငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ပညာရည်မြင့်မားစေရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေးနှင့်အခြားကဏ္ဍများအလိုက် ဒေသတွင်းတိုးတက်မှုရှိအောင် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ မြို့သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ထမ်းများသာမက မြို့နေလူထုမှလည်း ကိုယ်စီအသိစိတ်ဓာတ်ဖြင့် အတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ သန့်ရှင်းသာယာလှပမှုကို ပိုမိုဖြစ်ပေါ်စေနိုင်မည် ဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုလည်း ထိန်းသိမ်းကြပ်မတ်ရန် တာဝန်ရှိသူများက စနစ်တကျထိန်းသိမ်းကြပ်မတ်ရမည်ဖြစ်သကဲ့သို့ စီးနင်းသူများကလည်း သတ်မှတ်စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် မိတ္ထီလာဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးမြေများကို စနစ်တကျဖြင့် မှန်မှန်ကန်ကန်အသုံးချမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိမှု၊ မိတ္ထီလာဒေသအတွင်း မြစိမ်းရောင်စီမံကိန်းဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ဝါစိုက်ပျိုးမှုနှင့်ထုတ်လုပ်မှု တိုးတက်စေရေး သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပေးထားမှုနှင့် ဝါကြိတ်စက်များတည်ထောင်ပေးထားမှု၊ တောင်သူများအတွက် လိုအပ်သည့်အကူအညီများ ပေးအပ်နိုင်ရေးဆောင်ရွက်ပေးလျက်ရှိမှုတို့နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရန် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအလေးထားဆောင်ရွက်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများနှင့် ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် မိတ္ထီလာဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းနှင့် လမ်းညွှန်မှာကြားခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိတ္ထီလာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် လူမှုရေးအရဖွံ့ဖြိုးတိုးတက်ခြင်းဟူ၍ နှစ်ပိုင်းရှိကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ မိတ္ထီလာဒေသတွင် ကြီးမားသည့် စက်ရုံအလုပ်ရုံများ မရှိသော်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပင်ဖြစ်ပြီး စီးပွားရေးအားကောင်းစေရန်အတွက် ဒေသတွင်းဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ဝင်ငွေရရှိရန်အတွက် ကုန်ထုတ်လုပ်မှုများ တိုးတက်ထုတ်လုပ်နိုင်ရန်လိုပြီး ကုန်ထုတ်လုပ်မှုများ အတွက်လိုအပ်သည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ လုံလောက်စွာရရှိစေရေး သက်ဆိုင်ရာဌာနများအလိုက် သုတေသနလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ မိတ္ထီလာဒေသရှိ စီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်နှင့် ဝန်ကြီးဌာနများအလိုက် သက်ဆိုင်ရာဌာနများနှင့် ပညာရှင်များက မိတ္ထီလာဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသခံများ၊ ရပ်မိရပ်ဖများနှင့် တိုင်ပင်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် လက်တွေ့အသုံးချသွားရန်လိုပြီး အခြားဒေသများ တွင်လည်း ထိုသို့ဆောင်ရွက်သွားရန်လိုကြောင်း၊ ကိုယ်စီတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခြင်းဖြင့် လုပ်ငန်းရပ်များ တစ်ခုချင်းစီအလိုက် အောင်မြင်မှုရရှိလာမည်ဖြစ်ပြီးဒေသနှင့် နိုင်ငံ၏ စီးပွားသည်လည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း။
ကမ္ဘာ့နိုင်ငံများတွင်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံများ အများအပြားရှိကြကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခများ၊ နိုင်ငံရေးမတည် ငြိမ်မှုနှင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်နေရသဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိုက်သင့်သလောက် အောင်မြင်အောင် ဆောင်ရွက်နိုင်မှု မရှိခြင်းဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်မှစ၍ ပြည်သူလူထုတစ်ရပ်လုံးလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး စီးပွားရေးနှင့်ပတ်သက်၍ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဧကအထွက်နှုန်းတိုးတက်စေရေး ဆောင်ရွက်ခြင်းဖြင့် ဒေသဝင်ငွေများ ပိုမိုတိုးတက်လာမည်ဖြစ်
နိုင်ငံ့စီးပွားအားကောင်းစေရေးအတွက် ကုန်ထုတ်လုပ်မှုမြှင့်တင်ရမည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှု အားကောင်းရန်အတွက် နည်းပညာလိုအပ်ချက်များရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် “မျိုး၊ မြေ၊ ရေ၊ နည်း” စသည့် နည်းလမ်းလေးသွယ်သည် အရေးကြီးကြောင်း၊ အဆိုပါနည်းလမ်းလေးသွယ် အတိုင်း စနစ်တကျစိုက်ပျိုးဆောင်ရွက်မှသာ တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်လာပြီး စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်မည်ဖြစ်ကြောင်း၊ တွက်ချက်မှုများအရ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မိတ္ထီလာမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးထွက်ရှိမှုသည် ပန်းတိုင်ရည်မှန်းချက် မပြည့်မီခဲ့ဘဲ ပျမ်းမျှတစ်ဧကလျှင် ၆၂ ဒသမ ၆၅ တင်းသာထွက်ရှိခဲ့သဖြင့် ၃၇ ဒသမ ၃၅ တင်း လျော့နည်းခဲ့ကြောင်း၊ အဆိုပါအချိန်တွင် စပါးတစ်တင်း၏ ကာလပေါက်ဈေးမှာ ကျပ် ၂၂၀၀၀ ရှိသဖြင့် ပန်းတိုင်ရည်မှန်းချက် မပြည့်မီသောကြောင့် ငွေကျပ် ၁၀ ဒသမ ၃၆၉ ဘီလီယံလျော့နည်းဆုံးရှုံခဲ့ရကြောင်း၊ မိတ္ထီလာခရိုင်တစ်ခုလုံးတွင် မိုးစပါးစိုက်ပျိုးမှု ပန်းတိုင်ရည်မှန်းချက် မပြည့်မီခဲ့သဖြင့် ငွေကျပ် ၇၉ ဒသမ ၇၉၁ ဘီလီယံဝင် ငွေလျော့နည်းခဲ့ရ ကြောင်း၊ အလားတူ နွေစပါးထွက်ရှိမှုတွင်လည်း ပန်းတိုင်ရည်မှန်းချက်မပြည့်မီမှုကြောင့် ၄ ဒသမ ၆ ဘီလီယံဝင်ငွေလျော့နည်းခဲ့ကြောင်း၊ မြေပဲစိုက်ပျိုးမှုတွင် ပန်းတိုင်ရည်မှန်းချက် မပြည့်မီမှုကြောင့် ငွေကျပ် ၄၆ ဒသမ ၈၉၅ ဘီလီယံ လျော့နည်းခဲ့ကြောင်း၊ နှမ်းစိုက်ပျိုးမှုတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှုမရှိခြင်းကြောင့် ၅၈၀ ဒသမ ၄၈ ဘီလီယံလျော့နည်းခဲ့ကြောင်း၊ နေကြာ၊ ပဲတီစိမ်းစသည့် သီးနှံများအပါအဝင် မိတ္ထီလာခရိုင်အတွင်း တစ်ဧကပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း မပြည့်မီမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် စုစုပေါင်း ငွေကျပ် ၉၈၀ ဘီလီယံခန့် လျော့နည်းဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါအချက်ကိုကြည့်ခြင်းအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအား တစ်ဧကပန်းတိုင်ရည်မှန်းချက်များအတိုင်း ထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသစီးပွားရေးကို များစွာအထောက်အကူပြုနိုင်သည်ကို တွေ့ရှိရသဖြင့် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်မှုရှိစေရေး စိုက်ပျိုးသည့်မျိုးများကောင်းမွန်ရန်လိုပြီး မျိုးကောင်းမျိုးသန့်များရရှိစေရေးအတွက် သုတေသနပြုလုပ်စိုက်ပျိုးရန်လိုကြောင်း၊ မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုက်ဆံလျှော်များ စိုက်ပျိုးဆောင်ရွက်နိုင်သကဲ့သို့ မွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများဖြင့်လည်း ဇီဝမြေဩဇာများကို အသုံးချနိုင်ကြောင်း၊ အလားတူရေလုံလောက်စွာရရှိရေးရှိပြီးဖြစ်သည့် ရေအရင်းအမြစ်များကို အသုံးချ၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြေအောက်ရေများ၊ မိုးရေများနှင့် မြစ်ရေတင်စီမံကိန်းများမှ ရေများကိုအသုံးချဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထို့ပြင် နည်းစနစ်ကျနစွာဖြင့် စိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ပြီး သတ်မှတ်ထားသည့် ကောက်ကွက်များအတိုင်း ပြည့်မီအောင်စိုက်ပျိုးဆောင်ရွက်ရန်နှင့် စိုက်ပျိုးသည့်အပင်များအာလုံး ရှင်သန်ဖြစ်ထွန်းမှုရှိစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မိတ္ထီလာဒေသသည် မြန်မာနိုင်ငံ၏ အလယ်လမ်းဆုံကျသည့်ဒေသဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်
မိတ္ထီလာဒေသသည် မြန်မာနိုင်ငံ၏ အလယ်လမ်းဆုံကျသည့်ဒေသဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်၍ နိုင်ငံအတွင်း နေရာဒေသအနှံ့အပြားသို့ တင်ပို့နိုင်သည့် အခြေအနေကို ပိုင်ဆိုင်ထားရှိသဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်းဖူလုံမှုကို ဦးစွာဆောင်ရွက်ပြီး ပိုလျှံသည်များကို ပြင်ပသို့ ဆက်လက်တင်ပို့ရောင်းချ နိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက ဒေသတွင်းထွက်ရှိသည့် စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများသည်လည်း ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ MSME ထုတ်ကုန်များသည် ပြည်တွင်းဈေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်သကဲ့သို့ ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းဖြစ်ထွန်းသည့် မီးဖိုချောင်သုံးသီးနှံများကို တိုးချဲ့စိုက်ပျိုး၍ တန်ဖိုးမြှင့်ပစ္စည်းအဖြစ်ထုတ်လုပ်ကာ တင်ပို့ရောင်းချခြင်းဖြင့် ဒေသနှင့် နိုင်ငံအတွက် ဝင်ငွေပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝများသည်လည်း တိုးတက်ပြောင်းလဲဖွံ့ဖြိုးလာနိုင်မည်ဖြစ်သဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်
မိတ္ထီလာဒေသအတွင်း ပညာရေးအားနည်းချက်များရှိနေသည်ကို တွေ့ရှိရပြီး တန်းစဉ်ကူးပြောင်းမှု လျော့နည်းပြီး ကျောင်းနေရာခိုင်နှုန်း နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ ဒေသတစ်ခုနှင့် နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ် မည်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့်ပညာရေးကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိတ္ထီလာဒေသအနေဖြင့်လည်း ပညာရေးကို အားပေးမြှင့်တင်ဆောင်ရွက်သွားကြစေလိုကြောင်း၊ မိတ္ထီလာ ဒေသသည် ကောလိပ်များ၊ တက္ကသိုလ်များ လုံလောက်စွာရှိပြီးဖြစ်ပြီး ပညာရေးနှင့်ပတ်သက်၍ အခွင့် အလမ်းကောင်းများ ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် ဒေသတွင်းပညာတတ်များ ပေါကြွယ်ဝစေရေး အားပေးဆောင်ရွက်သွားကြစေလိုကြောင်း။
ကျန်းမာရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုရှိစေရေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ဆေးရုံများအဆင့်မြှင့်တင် ပေးခြင်း၊ လိုအပ်သည့် ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ၊ ဆေးဝါးများ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းများကို အလေးထား ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးနှင့်စပ်ဆက်၍ အားကစားကဏ္ဍ မြင့်မားရေးကိုလည်း အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားကစားရုံများ၊ အားကစားကွင်းများ အဆင့်မြှင့်တင်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားနှင့်ပတ်သက်၍ အခြေခံအဆောက်အအုံနှင့် အထောက်အကူပြုပစ္စည်းများ ပြည့်စုံမှသာလျှင် အားကစားစိတ်ဓာတ်များ ပြည့်ဝလာမည်ဖြစ်ပြီး ပြည့်ပြည့်ဝဝ လေ့ကျင့်အားထုတ် နိုင်မည်ဖြစ်ကြောင်း၊ နည်းစနစ်ပိုင်းနှင့် ကြံ့ခိုင်မှုအပိုင်း ပြည့်ဝမှုရှိစေရေးအတွက်လည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိတ္ထီလာခရိုင်အနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားကဏ္ဍမြင့်မားမှု ရှိစေရေး အားပေး ဆောင်ရွက်သွားကြရန်လိုကြောင်း။
မြေအသုံးချမှုများ စနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်လို
မိတ္ထီလာခရိုင်အတွင်း စည်းကမ်းစနစ်တကျရှိစေရေးနှင့် မြေယာအသုံးချမှုများ မှန်ကန်မှုရှိစေရေး အတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြေအသုံးချမှုနှင့်ပတ်သက်၍ လယ်ယာ မြေဥပဒေ၊ မြေလွတ်မြေရိုင်းနှင့်ပတ်သက်သည့် ဥပဒေများကို ပြဋ္ဌာန်းထားရှိပြီးဖြစ်ပြီး သတ်မှတ်ပေးထားသည့် ခွင့်ပြုချက်များနှင့်အညီသာ ဆောင်ရွက်သွားရန်လိုကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် ဥပဒေကသတ်မှတ်ပေးထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွား ရန်လိုကြောင်း။
လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ
မိမိတို့အနေဖြင့် ယခုနှစ်နှစ်ကုန်ပိုင်းတွင် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ မဲစာရင်းများမှားယွင်းမှုမရှိစေရေး၊ မဲမသမာမှု မဖြစ်စေရေးတို့အတွက် စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပချိန်၌ နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ပြီး အချို့နိုင်ငံများက လာရောက်ရန် သဘောတူပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မိတ္ထီလာခရိုင်အနေဖြင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် MSME လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
သိန်းမင်းအမှတ်တံဆိပ် ငရုတ်သီးမှုန့် ထုတ်လုပ်ရေးလုပ်ငန်း
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခရီးစဉ်တွင် လိုက်လာသည့် အဖွဲ့ဝင်များနှင့်အတူ မိတ္ထီလာမြို့ဝမ်းတော်ပြည့် တိုးချဲ့နယ်မြေ(၈)ကျီတော်ကုန်းရပ်ကွက်ရှိ သိန်းမင်းအမှတ်တံဆိပ် ငရုတ်သီးမှုန့်ထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိကြရာ လုပ်ငန်းရှင်ဦးတင့်နိုင်ဝင်းနှင့် ဒေါ်သန္တာမျိုးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက်လုပ်ငန်းမှထုတ်လုပ် လျက်ရှိသည့် ငရုတ်သီးမှုန့် ထုတ်ကုန်များထုတ်လုပ်ထားရှိမှု၊ ပိုးသတ်ပြီး ငရုတ်သီးများအား နေရောင်ခြည်စွမ်းအင်သုံးအခြောက်ခံစက် (Solar Dryer Domes) အတွင်း၌ ငရုတ်သီးအမျိုးအစားအလိုက် Moisture (၈ မှ ၁၀) အထိ ကျအောင်အခြောက်ခံထားရှိမှု၊ ငရုတ်ခြောက်များအား အညှာခြွေသန့်စင်မှု၊ သန့်စင်ပြီး ငရုတ်ခြောက်များအား မှိုဝင်မှုမရှိစေရေး Moisture ၅ အထိ ကျအောင်အခြောက်ခံ၍ ကြိတ်ခွဲနေမှု၊ ထွက်ရှိလာသည့် ကုန်ချောများကို Packing ထုပ်ပိုးနေမှု စသည်ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအဆင့်ဆင့်အား လိုက်လံကြည့်ရှုပြီး လုပ်ငန်းရှင်များ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးကာ အားပေးစကားပြောကြားသည်။
အဆိုပါ သိန်းမင်းအမှတ်တံဆိပ် ငရုတ်သီးမှုန့်ထုတ်လုပ်ရေးလုပ်ငန်းသည် ၁၉၈၀ ပြည့်နှစ်ကတည်း က စတင်တည်ထောင်ထုတ်လုပ်ခဲ့သည့် မိရိုးဖလာ လုပ်ငန်းဖြစ်ပြီး လက်ရှိအချိန်တွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သုံးစွဲနိုင်ရေးအတွက် စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း၊ မိတ္ထီလာ ဒေသအတွင်း၌ ဒေသတွင်း တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရမည်ဟူသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဒေသမှထွက်ရှိသည့် ငရုတ်သီးများနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ငရုတ်သီးများဖြင့် ငရုတ်ချဉ်၊ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်နှင့် ငရုတ်ဆော့စသည်တို့ကို ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ မိတ္ထီလာခရိုင်အပြင် ရန်ကုန်၊ မန္တလေး၊ မကွေး၊ တာချီလိတ်၊ နေပြည်တော်၊ ပျဉ်းမနား၊ တပ်ကုန်း၊ မော်လမြိုင်၊ ပြင်ဦးလွင်၊ ဘုတ်ပြင်း၊ နမ့်ဆန်၊ တောင်ကြီး၊ ရွှေညောင်၊ ပဲခူး၊ တောင်ငူတို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ဈေးကွက်တိုးချဲ့နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် MSME ကုန်စည်ပြပွဲများ၌ ပြသဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းရှိ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သကဲ့သို့ သွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်ဖြစ်သဖြင့် ယခုထက် ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မိဘမေတ္တာ အဆင့်မြင့်ဆန်စက်လုပ်ငန်း
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခရီးစဉ်တွင်လိုက်လာသည့် အဖွဲ့ဝင်များနှင့်အတူ မိတ္ထီလာမြို့ မိဘမေတ္တာ အဆင့်မြင့်ဆန်စက်လုပ်ငန်းသို့ ရောက်ရှိကြရာ လုပ်ငန်းရှင်ဦးအောင်ရဲကျော်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်ရုံမှကြိတ်ခွဲထုတ်လုပ်လျက်ရှိသည့် ဆန်များအားကြည့်ရှုပြီး ဆန်စက် များမှ ထွက်ရှိလာသည့် စပါးခွံများကို အလေအလွင့်မရှိစေရေးအတွက် ပတ်ဝန်းကျင်သန့်ရှင်းမှုနှင့် ထင်းသုံးစွဲမှုကို လျော့ကျစေသည့် ထင်းအစား ထိုးစပါးခွံလောင်စာတောင့် ထုတ်လုပ်နေမှု၊ အဆိုပါစပါးခွံ လောင်စာတောင့် အသုံးပြုသည့် Gasifier စက်ဖြင့် အင်ဂျင်လည်ပတ်ကာ လုပ်ငန်းသုံးလျှပ်စစ်ဓာတ်အား ပြန်လည်ထုတ်လုပ်နေမှု၊ စပါးအခြောက်ခံစက် အသုံးပြု၍ စပါးများအား အခြောက်ခံနေမှု၊ စပါးကြိတ်ခွဲစက်များမှ စပါးများ ကြိတ်ခွဲနေမှုတို့ကို လိုက်လံကြည့်ရှုပြီး လုပ်ငန်းရှင်နှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးကာ အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

သတင်းစာများ - ၃၂၂၀ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download