KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီသိမ်းပိုက်ထားသည့် မိုးဗြဲမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိ၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီသိမ်းပိုက်ထားသည့် မိုးဗြဲမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိ၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 07, 2025

နေပြည်တော် ဇူလိုင် ၆
KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွယ်၍ ပြည်နယ်၏ မြို့တော်ဖြစ်သည့် ပြည်နယ်အစိုးရ ရုံးစိုက်ရာ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တစ်ဝိုက်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ လူနေအဆောက်အအုံများနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အအုံများကို အကာအကွယ်ရယူ၍ အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို လုပ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ၌ စစ်ရေးပစ်မှတ်မဟုတ်သည့် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီးများ အကူအညီဖြင့် တပ်မတော်စစ်ကြောင်းများ၏ အလစ်အငိုက်ရယူ၍ ဝင်ရောက်ပစ်ခတ်ခြင်း၊ ဆရာ ဆရာမများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး တစ်ဆင့်ပြီးတစ်ဆင့် လွိုင်ကော်မြို့သိမ်းတိုက်ပွဲအား စတင်ဆောင်ရွက်ခဲ့ရာ မြို့လုံခြုံရေးတပ်များ၊ နယ်မြေခံတပ်မတော်စစ်ကြောင်းများဖြင့် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ခဲ့သလို စစ်ကူစစ်ကြောင်းများကလည်း အချိန်မီရောက်ရှိ တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုသို့ လွိုင်ကော်မြို့ အကြမ်းဖက်သောင်းကျန်းသူများ လက်အောက်မကျရောက်စေရေး တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပါ ပူးပေါင်းပါဝင်၍ တိုက်ပွဲဝင်စဉ်အုပ်ချုပ်မှုဆိုင်ရာများ ဖြည့်ဆည်းပေးရသည့် ဟိုပုံး၊ ဆီဆိုင်၊ လွိုင်ကော်လမ်းကြောင်းနှင့် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်လမ်းကြောင်းကိုလည်း အကြမ်းဖက်သောင်းကျန်းသူများက ပိတ်ဆို့ဖြတ်တောက်ခဲ့သည်။
အဆိုပါ အခြေအနေတွင် ပထမဦးစွာ တပ်မတော်စစ်ကြောင်းများက ဆီဆိုင်မြို့၌ ပိတ်ဆို့ထားသည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ရှင်းလင်းခဲ့ရာ မေလ ၁၅ ရက်နေ့ တွင် ဆီဆိုင်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ၎င်းမှတစ်ဆင့် ဟိုပုံး၊ ဆီဆိုင်၊ လွိုင်ကော်လမ်းကြောင်းအား ၂၀၂၄ ခုနှစ် မေလ ၂ ရက်နေ့မှစ၍ ရှင်းလင်းခဲ့ရာ မေလ ၂၉ ရက်နေ့တွင် လမ်းကြောင်းပြန်လည် ဖွင့်လှစ်နိုင်ခဲ့သလို လွိုင်ကော်မြို့သိမ်းရန် အကြမ်းဖက်သောင်းကျန်းသူများ၏ စိတ်ကူးယဉ်အိပ်မက်ကိုလည်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းများက အပြီးတိုင်ရိုက်ချိုးခြင်းဖြင့် လွိုင်ကော်မြို့ တစ်မြို့လုံးအား ထိန်းချုပ်နိုင်ခဲ့သည်။ ဆက်လက်၍ ကျန်ရှိနေသည့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သော ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် လမ်းကြောင်းဖွင့်လှစ်နိုင်ရေး လွိုင်ကော်မြို့မှဆုတ်ခွာခဲ့သည့် အဓိကအကြမ်းဖက်အဖွဲ့များပါ ပူးပေါင်း၍ ထိန်းချုပ်ထားသည့် မိုးဗြဲမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေးကိုလည်း စီမံဆောင်ရွက်ခဲ့သည်။
မိုးဗြဲမြို့၏ နောက်ဆုံးအခြေအနေအား နည်းလမ်းမျိုးစုံဖြင့် သတင်းဖော်ထုတ်ခဲ့ရာ KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် Free Burma Ranger အဖွဲ့ဝင်အချို့ ကိုယ်တိုင်ပါဝင်ပြီး လူသားချင်းစာနာထောက်ထားမှုခေါင်းစဉ်ဖြင့် ဆေးကုသရေးအဖွဲ့များပါ ပူးပေါင်း၍ မိုးဗြဲမြို့နယ်အတွင်း အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် အတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ ကျေးရွာသူ ကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင်ပုံဖျက်ဝင်ရောက်ပြီးနောက် ဒေသအချို့ရှိ အင်အားနည်း တပ်မတော်တပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ တပ်ဌာနချုပ်များအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်း စသည့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အချက်အချာလမ်းဆုံတစ်ခုဖြစ်သည့် မိုးဗြဲမြို့ တစ်မြို့လုံးအား ထိန်းချုပ်ခြင်းဖြင့် ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်ကာ ဒေသခံတိုင်းရင်းသားများအား အဓမ္မနှင်ထုတ်ခြင်း၊ အခိုင်အမာခံစစ်ပြုလုပ်တပ်စွဲခြင်းနှင့် နိုင်ငံတော်အစိုးရအုပ်ချုပ်မှု ယန္တရားတစ်စိတ်တစ်ပိုင်း ပျက်ပြားစေခြင်းတို့ ဆောင်ရွက်ခဲ့မှုကြောင့် ရိုးသားစွာအသက်မွေးဝမ်းကျောင်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် ဒေသခံတိုင်းရင်းသားများ၊ မှီခိုကျောင်းသား ကျောင်းသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသည် ဘေးဒုက္ခကြီးစွာဖြင့် နီးစပ်ရာမြို့၊ ရွာများနှင့် ယာယီတိုက်ပွဲရှောင် နေရာများသို့ သွားရောက်နေထိုင်ခဲ့ကြောင်း သတင်းဖော်ထုတ်ရခဲ့သည်။
သို့ဖြစ်ပါ၍ အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် မိုးဗြဲဒေသတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter – Terrorism Operation) ကို ၂၀၂၅ ခုနှစ် နှစ်ဦးပိုင်းမှစ၍ အဆင့်ဆင့်ခြေကုပ်ယူ၍ ချေမှုန်းဆောင်ရွက်ခဲ့ရာ မိုးဗြဲမြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အဓိကအုပ်ချုပ်ထောက်ပံ့မှုပြုသည့် ဖယ်ခုံ၊ မိုးဗြဲ အနောက်ဘက်ခြမ်းနှင့် မိုးဗြဲမြို့၏ အရှေ့ဘက်ခြမ်းတို့အား ထိန်းချုပ်လျက် အဓိကစစ်ကြောင်းများက မြို့၏ မြောက်ဘက်ခြမ်းသစ်ရာ ကုန်းရပ်ကွက်နှင့် စည်ကား (၂) ရပ်ကွက်တို့မှစ၍ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူအချို့ ရယူ၍ စနစ်တကျအဆင့်ဆင့် ခြေကုပ်ယူခဲ့ပြီး ၎င်းမှတစ်ဆင့် ကျန်ရပ်ကွက် ၁၄ ခုကျော်အား ရပ်ကွက်တစ်ခုချင်းအလိုက် အကြမ်းဖက်သမားများ အခိုင်အမာခံစစ်ပြုလုပ်ထားသည့် မြေပေါ်မြေအောက်ဘန်ကာများ၊ အုတ်တံတိုင်းဖောက်၍ ပစ်ပေါက်နေရာများ၊ အထပ်မြင့်အဆောက်အအုံများအပါအဝင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ဆေးရုံနေရာများတို့အား ခက်ခက်ခဲခဲဖြင့် ရင်ကိုမြေကတုတ်ပြုလုပ်၍ စွန့်လွှတ်စွန့်စားစွာဖြင့် အချိန်ယူရှင်းလင်းခဲ့ကြရာ စစ်ဆင်ရေးကာလခြောက်လအတွင်း ရန်သူနှင့် တိုက်ပွဲကြီးပေါင်း ၂၁၅ ကြိမ်၊ ထိတွေ့မှုပေါင်းကြိမ် ၄၀၀ ဖြစ်ပွားခဲ့ပြီး မိုးဗြဲမြို့၏ တောင်ဘက်အစွန်ဆုံးမွေတော်ဘုရားရှိရာ မြို့မရပ်ကွက်အား ဇူလိုင်လ ၅ ရက်နေ့တွင်လည်းကောင်း၊ အရှေ့ဘက်အစွန်ဆုံးရပ်ကွက်ဖြစ်သည့် ညောင်ဝိုင်းရပ်ကွက်အား ဇူလိုင်လ ၆ ရက်နေ့၊ ယနေ့ နေ့လယ်ပိုင်းတွင်လည်းကောင်း အကြမ်းဖက် KNPP ၊ KNDF နှင့် ၎င်းတို့၏ မဟာမိတ်အကြမ်းဖက်အဖွဲ့ တပ်ပေါင်းစုများအပါအဝင် အဆိုပါတိုက်ပွဲအတွင်း ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သည့် Free Burma Ranger အဖွဲ့များနှင့် လူသားချင်းစာနာထောက်ထားခြင်းခေါင်းစဉ်ဖြင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆေးကုသရေးအဖွဲ့များအား မြန်မာ့တပ်မတော်မှ အပြီးတိုင်ချေမှုန်းသုတ်သင်လျက် မိုးဗြဲမြို့တစ်မြို့လုံးအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ဆင်ရေးတစ်ခုလုံးတွင် တိုက်ပွဲကြီးငယ် ၆၁၅ ကြိမ်၊ ရန်သူအလောင်း ၂၄ လောင်း၊ လက်နက်မျိုးစုံ ၆၃ လက်အပါအဝင် အခြားအရေးကြီး စာရွက်စာတမ်းများနှင့် Video File များ သိမ်းဆည်းရမိခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် မိုးဗြဲမြို့အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင် ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်အဆောက်အအုံများအကြားနှင့် အများပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့် အညီ ဆောင်ရွက်ခဲ့ရသည်။
ထိတွေ့မှုများ ဖြစ်ပွားစဉ်အတွင်း တပ်မတော်စစ်ကြောင်းများမှ နိုင်ငံတော်နှင့် တပ်မတော်အတွက် စွန့်လွှတ်စွန့်စားစွာတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သူအချို့နှင့် ဒဏ်ရာကြီးငယ်ရခဲ့သူအချို့ရှိခဲ့ကြောင်းလည်း သိရှိရသည်။ ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့တို့အား ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်ရှိ ရှင်းလင်းရန်ကျန်ရှိနေသည့် ၄ ဒသမ ၅ ကီလိုမီတာအကွာအဝေးအား အပြီးတိုင်ဆက်လက်ရှင်းလင်းပေးခြင်းဖြင့် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းဆက်သွယ်ရေးလမ်းမကြီးအား မကြာမီအချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။
အလားတူ လွိုင်ကော်၊ ဆီဆိုင်လမ်းကြောင်းအား အဆိုပါအကြမ်းဖက်အဖွဲ့များက ပိတ်ဆို့ဟန့်တားနှောင့်ယှက်မှုကိုလည်း တပ်မတော်စစ်ကြောင်းများက အောင်မြင်စွာ ရှင်းလင်းဖယ်ရှားနိုင်ခဲ့သည့်အတွက်လည်း လွိုင်ကော်မြို့နေ ဒေသခံတိုင်းရင်းသားအားလုံးနှင့် ဟိုပုံး၊ ဆီဆိုင်၊ လွိုင်ကော်ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ရှိ ဒေသခံတိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးအနေဖြင့် စိတ်အေးချမ်းသာစွာဖြင့် မိမိတို့၏ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအား လုပ်ကိုင်စားသောက်နေထိုင်ခဲ့ရသကဲ့သို့ ယခုမကြာမီရက်ပိုင်းအတွင်းမှာလည်း လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း အဓိကဆက်သွယ်ရေး လမ်းကြောင်းတစ်ခုကို ထပ်မံဖွင့်လှစ်ပေးနိုင်တော့မည်ဖြစ်၍ ဒေသခံပြည်သူလူထုများ အားလုံးဝမ်းမြောက်ပီတိဖြစ်ပေါ်လျက် မိမိတို့နေအိမ်မိမိတို့ပြန်လည်နေထိုင်နိုင်ကြမည့်အရေး ကြိုတင်မြော်တွေး၍ ပျော်ရွှင်နေကြလျက်ရှိကြောင်းလည်း သိရှိရသည်။
မိုးဗြဲမြို့အပါအဝင် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံနှင့် ပင်လောင်းလမ်းကြောင်းအား အပြီးတိုင်ရှင်းလင်းပြီးပါက မိုးဗြဲမြို့ခံရိုးသားသော ဒေသခံပြည်သူများအားလုံး ပြန်လည်နေထိုင်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးလည်ပတ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ အကြမ်းဖက်သောင်းကျန်းသူများ၏ ယုတ်မာရက်စက်စွာ ဆောင်ရွက်ခဲ့သည့် မြေမြုပ်မိုင်းအန္တရာယ်ကင်းရှင်းရေး ဦးစားပေးရှင်းလင်းဖော်ထုတ်ခြင်းကိုလည်း တပ်မတော်စစ်မြေပြင် အင်ဂျင်နီယာအရာရှိ စစ်သည်များဖြင့် ရှင်းလင်းဖယ်ရှားသွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။
သတင်းစဉ်
သတင်းစာများ - ၃၂၁၆ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။
