PDF အမည်ခံအကြမ်းဖက်သမားများ၏ ပြန်ပေးဆွဲဖမ်းဆီးခြင်းခံထားရသည့် သားအမိ ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးကင်းလုံခြုံစွာ ပြန်လည်ကယ်တင်နိုင်ခဲ့၊ အကြမ်းဖက်သမား ၆ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်သမား ၃ ဦးအား အသေဖမ်းဆီးရမိ
PDF အမည်ခံအကြမ်းဖက်သမားများ၏ ပြန်ပေးဆွဲဖမ်းဆီးခြင်းခံထားရသည့် သားအမိ ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးကင်းလုံခြုံစွာ ပြန်လည်ကယ်တင်နိုင်ခဲ့၊ အကြမ်းဖက်သမား ၆ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်သမား ၃ ဦးအား အသေဖမ်းဆီးရမိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 05, 2025

နေပြည်တော် မေ ၅
PDF အမည်ခံအကြမ်းဖက်သမားများသည် အပြစ်မဲ့ပြည်သူများအား လက်နက်အားကိုးဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း၊ အကျပ်ကိုင်ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ စသောလူသားချင်းမစာနာသည့် လူမဆန်သောအကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။
ထို့သို့ကျူးလွန်လျက်ရှိရာ မေ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ ပုဏ္ဏမီလမ်းနေ မနိုနိုဦးလွင် (၃၃)နှစ်သည် ၎င်း၏နေအိမ်နှင့် တွဲလျက်ဖွင့်လှစ်ထားသည့် Blue Liquor House ဆိုင်၌ မိသားစုဝင်များနှင့်အတူရှိနေစဉ် သေနတ်အတိုများကိုင်ဆောင်ထားသည့် PDF အမည်ခံအကြမ်းဖက်သမား ၃ ဦးက ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး မနိုနိုဦးလွင်နှင့် ၎င်း၏သားဖြစ်သူ မောင်လင်္ကာ (၃) နှစ်တို့ ၂ ဦးအား သေနတ်ပြခြိမ်းခြောက်ကာ ဆိုင်ကယ်များဖြင့်တင်ဆောင်၍ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ(၈)၊ ကွမ်းခြံဘက်သို့ ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့ အပြစ်မဲ့ပြည်သူ ၂ ဦးအား အကြမ်းဖက်သမားများက ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရလျှင်ရချင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စုံစမ်းဖော်ထုတ်ခဲ့ရာ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် ပြန်ပေးဆွဲမှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူများဖြစ်ကြသော နန္ဒဝန်ရပ်ကွက်၊ နယ်မြေ (၈) နေ သက်အောင်ဖြိုး (ခ) ကောင်းကင်၊ (၂၃) နှစ်၊ (ဘ) ဦးအောင်လင်းအားလည်းကောင်း၊ ယင်းနေ့ ည ၁၀ နာရီ ၃၅ မိနစ်တွင် ကောင်းရှင်းသန့် (ခ) ပေါက်စီ (၁၇) နှစ်၊ (ဘ) ဦးအောင်နိုင်ဝင်း၊ ဇင်မင်းထွန်း(ခ) ကိုမင်း၊ (၃၁) နှစ်၊ (ဘ) ဦးသန်းထွန်နှင့် ရောင်နီဦး(ခ) ကတုံး(ခ) ရကောက်၊ (၂၆)နှစ်၊ (ဘ) ဦးအောင်ဆန်းတို့ ၃ ဦးအား နန္ဒဝန်ရပ်ကွက်၊ နယ်မြေ (၈)၊ ကွမ်းခြံအစပ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများအားစစ်ဆေးခဲ့ရာ မနိုနိုဦးလွင်နှင့် ၎င်း၏သားမောင်လင်္ကာတို့ ၂ ဦးအား ကွမ်းခြံအစပ်နှင့် မြို့ရှောင်လမ်းကြားတွင်ရှိသော သနပ်ခါးခြံအလယ်ရှိ ၎င်းတို့၏ အကြမ်းဖက်စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ အဆိုပါစခန်း၌ အကြမ်းဖက်အဖွဲ့ဝင်များမှ စောင့်ကြပ်လျက်ရှိကြောင်းသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဖွဲ့ငယ်များခွဲ၍ တိတ်တဆိတ်ဝင်ရောက် ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်စဉ် အကြမ်းဖက်သမားများက လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမားများဖြစ်ကြသည့် ငထူး၊ ချိုကြီးနှင့် ပိုလီယိုတို့ ၃ ဦးအား လက်လုပ်သေနတ် ၂ လက်၊ ကျည်အချို့နှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးတွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကာ မနိုနိုဦးလွင်နှင့် ၎င်း၏သား မောင်လင်္ကာတို့အား ဘေးအန္တရာယ်ကင်းရှင်းစွာ ကယ်တင်နိုင်ခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနယ်မြေအား ပိတ်ဆို့ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ မေ ၅ ရက် နံနက် ၂ နာရီ ၄၅ မိနစ်တွင် အဆိုပါရပ်ကွက်၊ သုဗောဓာရုံကျောင်းလမ်း လမ်းသွယ်အရောက်၌ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်နေ ဇင်ကိုလင်း (ခ) သားချော (၃၃)နှစ်၊ (ဘ) ဦးအောင်ကျော်သန်းနှင့် စက်မှုဇုန်ရပ်ကွက်နေ ကျော်စိုးသူ (၃၃)နှစ်၊(ဘ) ဦးကျော်မျိုးညွှန့်တို့ ၂ ဦးအား MG-1 လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ဆိုင်ကယ် ၁ စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး စစ်ကြောဖော်ထုတ်ချက်အရ သက်အောင်ဖြိုး (ခ) ကောင်းကင်၏ နေအိမ်အရှေ့ မြေကြီးအတွင်းမှ ဆာလာအိတ်ဖြင့်ပတ်၍ မြှုပ်နှံထားသည့် MA-2 သေနတ် ၁ လက်၊ ဘောက်ဝိုင်း ၁ ခု၊ ၎င်းကျည် ၄၆ တောင့်၊ လက်လုပ်သေနတ် ၂ လက် (ကျည်အိမ်တပ်လျက်)၊ ၎င်းကျည် ၄ တောင်၊ 91 လက်ပစ်ဗုံး ၁ လုံးတို့အား ဖော်ထုတ်သိမ်းဆည်းရရှိခဲ့သည်။
ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့မှုကြောင့် PDF အကြမ်းဖက်သမားများ၏ ပြန်ပေးဆွဲဖမ်းဆီး ချုပ်နှောင်ခြင်းခံထားရသည့် မနိုနိုဦးလွင်နှင့် ၎င်း၏သားမောင်လင်္ကာတို့ ၂ ဦးအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးချုပ်နှောင်အကျပ်ကိုင်ကာ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းစာများ - ၃၁၅၄ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။
