ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ အရပ်သားပြည်သူ တစ်ဦး သေဆုံး
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ အရပ်သားပြည်သူ တစ်ဦး သေဆုံး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / July 10, 2025
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာ အသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင် ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက် ည ၉ နာရီ ၅၅ မိနစ်တွင် ကချင် ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ငှက်ပျောတောရပ်ကွက်သို့ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီ ရုံးဝင်းအတွင်းရှိ သွပ်မိုး/ပျဉ်ကာ ခြောက်ခန်းတွဲ နေအိမ်လိုင်းခန်းပေါ်သို့ လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ်လိုင်းခန်းအတွင်း နေထိုင်သူများဖြစ်ကြသည့် ဒေါ်မေရီဇင်အောင် (၃၄)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အဆိုပါရုံးမှ ယာဉ်မောင်း ဦးသန်းထိုက်စိုး(၃၃)နှစ်၊ ဒေါ်အေးအေးခိုင်(၄၇)နှစ်နှင့် ဒေါ်နွဲ့ကြည်(၆၂)နှစ်တို့ သုံးဦးတွင် ဗုံးသီး ပေါက်ကွဲစ ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှားနေသည့် နေရာများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူ များက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။