ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဘားအံမြို့၊ အ-ထ-က(၂)ကျောင်းတွင် ကျင်းပပြုလုပ်သည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှ ကျောင်းသား/ကျောင်းသူများ၏ ရင်တွင်းစကားသံများ

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဘားအံမြို့၊ အ-ထ-က(၂)ကျောင်းတွင် ကျင်းပပြုလုပ်သည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှ ကျောင်းသား/ကျောင်းသူများ၏ ရင်တွင်းစကားသံများ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 17, 2024
image_latest


ဘားအံ ဇူလိုင် ၁၆

ကျောင်းသားကျောင်းသူလူငယ်များ ကျောင်းစာအပြင် စာပေဗဟုသုတနှင့် ပြည့်စုံပြီး အသိပညာ မြင့်မားစေရေး ကျောင်းသားလူငယ်များအတွင်း ကျောင်းစာကြည့်တိုက်အသုံးပြုသည့် ယဉ်ကျေးမှု ထွန်းကာလာစေရေးနှင့် ဗလငါးတန်နှင့် ပြည့်ဝသည့် လူငယ်များ ဖြစ်လာစေရန်အတွက် ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင်လ(၁၅)ရက်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။

ဒေါ်စိုးစိုးအေး၊ လက်ထောက်ညွှန်ကြားရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဘားအံခရိုင်ရုံး

နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များအတွင်း စာဖတ်ရှိန်မြင့်မားဖို့အတွက် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ ကျွန်မတို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒီနေ့မှာတော့ ကရင်ပြည်နယ်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီးတော့ ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး ပွဲတော်အခမ်းအနားကို  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ် ခဲ့တာပဲဖြစ်ပါတယ်ရှင့်။ ဒီနေ့ပွဲမှာတော့ ကျွန်မတို့အနေနဲ့ ကျောင်းသားကျောင်းသူတွေ ကျောင်းစာအပြင် ပြင်ပဗဟုသုတတွေနဲ့ ပြည့်စုံပြီးတော့ စာဖတ်စွမ်းရည်တွေနဲ့ ပြည့်ဝဖို့အတွက် ကဗျာပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်ဝိုင်းများကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ‌ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခြေခံကျောင်းများအပြင် ကိုယ်ပိုင်အထက်တန်းကျောင်းများလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ် ပြပွဲများအနေနဲ့ကတော့ စာအုပ်ပြပွဲ၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြပွဲ၊ တက္ကသိုလ်များက ခင်းကျင်းပြသထားသည့် ပြခန်းများ၊ စာအုပ်ဈေးရောင်းပွဲတော်များ၊ ဒါ့အပြင် ကျောင်းသားကျောင်းသူတွေ ဉာဏစွမ်းရည်ပြိုင်ပွဲတွေဖြစ်တဲ့ အရုပ်ဆက်ပြိုင်ပွဲ၊ မြန်မာစကားပုံ ဆက်ပြိုင်ပွဲ၊ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းကလည်း ကရင်တိုင်းရင်းသားတို့၏ အသုံးအဆောင်၊ စာပေတွင်ပါရှိသည့် အကြောင်းအရာများကို ဉာဏ်စမ်းပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပါတယ်၊ ကျောင်းသား/ကျောင်းသူတွေ ဒီနေ့ပွဲတော်ကြီးမှာ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေတာကို တွေ့ရတဲ့အတွက် ဝမ်းသာမိပါတယ်။

မမေကြည်ဦး၊ Grade-9 ၊ မြတ်သောအမွေကိုယ်ပိုင်အထက်တန်းကျောင်း၊ လှိုင်းဘွဲမြို့နယ်

သမီးကတော့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကြီးမှာ ကျင်းပပြုလုပ်တဲ့  ကျပန်းစကားပြောပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တဲ့ မြတ်သောအမွေ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ပညာသင်ယူနေတဲ့ Grade-9 ကျောင်းသူ မမေကြည်ဦးဘဲ ဖြစ်ပါတယ်ရှင့်။ ဒီလိုပွဲတော်ကျင်းပခြင်းဖြင့် ကျွန်မတို့လူငယ်တွေအတွက် အကျိုးကျေးဇူးတွေ ရရှိစေပါတယ်၊ ပထမတစ်ချက် ကျွန်မထင်တာက ကျွန်မတို့လူငယ်တွေဟာ ကိုယ့်မှာရှိတဲ့ Talent တွေကို ထုတ်ပြခွင့်ရတယ်၊ လူငယ်တိုင်းမှာ ကိုယ်ပိုင် Talent တွေရှိတယ်၊ အဲ့ဒီ Talent ကို သိပြီးတော့ ထုတ်ပြနိုင်တဲ့သူနဲ့ မသိလို့မထုတ်ပြနိုင်တဲ့သူရှိပါတယ်၊ လူတိုင်းဟာ ကိုယ့်အစွမ်းအစနဲ့ ကိုယ်ရှိပါတယ်၊ အဲ့ဒါကြောင့် ဒီလိုပွဲတွေကို လုပ်ပေးခြင်းဟာ ကျွန်မတို့လူငယ်တွေမှာရှိတဲ့ အစွမ်းအစကို ထုတ်ပြဖို့ အခွင့်အရေး ရပါတယ်၊ နောက်တစ်ခုကစာဖတ်ခြင်းပါ၊ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကို ကျွန်မတို့လူငယ်တွေ ကောင်းစွာနားလည်လာမယ်၊ အထူးသဖြင့် ကျွန်မတို့ လူငယ်တွေဟာ Social Media ပေါ်မှာဘဲ အမြဲတမ်းအချိန်ကုန်ကြတာများတယ်၊ စာကိုဖတ်တဲ့ သူထက် မဖတ်တဲ့သူကပိုများတယ်၊ ဒီလိုပွဲတွေ ကျင်းပပေးတဲ့အခါကျတော့ ကျွန်မတို့ လူငယ်တွေ စာဖတ်ချင်စိတ်တွေ ပိုတိုးလာမယ်၊ ဘဝတက်လမ်းအတွက် ဘယ်ဟာက အထောက်အကူ ဖြစ်တယ်၊ ဘယ်ဟာက အထောက်အကူမဖြစ်လဲဆိုတာကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အကျိုးကျေးဇူးတွေ ရတယ်လို့ ထင်မြင်မိပါတယ်ရှင်။

ဒေါ်မာလာထွန်းအုန်း၊ ကျောင်းအုပ် ၊ ယူရီကိုယ်ပိုင်အထက်တန်းကျောင်း

မင်္ဂလာပါရှင်၊ ကျွန်မတော့ ယူရီကိုယ်ပိုင်အထက်တန်းကျောင်းမှာ ကျောင်းအုပ်ချုပ်သူအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်မာလာထွန်းအုန်းဘဲ ဖြစ်ပါတယ်ရှင်။ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကြီးမှာ ကျွန်မတို့ ကျောင်းအနေနဲ့ စာပေပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ပါတယ် ကဗျာပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်သလို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ကျင်းပပြုလုပ်တဲ့ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက် ပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ပါတယ်၊ ကလေးတွေလည်း အလွန်ကျေနပ်အားရ ပျော်ရွှင်ပါတယ်၊ ဒီလိုပွဲမျိုးဟာ ဆိုလို့ရှိရင် ကျွန်မတို့ ကျောင်းသူ/ကျောင်းသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပွဲတော်လို့ ကျွန်မအနေနဲ့ ယူဆပါတယ်၊  ဒီပွဲတော်ကြီးကျင်းပပေးတဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနအားလုံးကိုလည်း ကျေးဇူးအထူးတင် ရှိပါတယ်၊ ဒီပွဲတော်ကြောင့် ကလေးတွေအများကြီး စာအုပ်စာပေအပေါ်မှာ စိတ်ဝင်စားမှု များလာမယ်၊ ပြီးရင်လိမ္မာယဉ်ကျေးတဲ့ နိုင်ငံ့သားကောင်းရတနာတွေ ဖြစ်လာမယ်လို့လည်း မျှော်လင့်ပါတယ်၊ ဒီလိုပွဲမျိုးကိုလည်း ဆက်လက်ကျင်းပနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ရှင်။

ဒေါ်ဆုလာဘ်နွယ် ၊ ဥက္ကဌ၊ ဘားအံမြို့နယ်စာရေးဆရာအသင်း

မင်္ဂလာပါ၊ ကျွန်မနာမည်က ဒေါ်ဆုလာဘ်နွယ်ပါ၊ ဘားအံမြို့နယ်စာရေးဆရာအသင်းရဲ့ဥက္ကဋ္ဌ တစ်ယောက်လည်းဖြစ်ပါတယ်၊ မြန်မာနိုင်ငံစာရေးဆရာအသင်းရဲ့ သဘာပတိအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပတဲ့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ကျွန်မတို့ ဘားအံမြို့နယ်စာရေးဆရာ အသင်းနေနဲ့ကတော့ ကျွန်မနေနဲ့ စာပေဟောပြောပွဲမှာ ပါဝင်ဟောပြောခဲ့ပါတယ်၊ ကျန်တဲ့အသင်းသူ၊ အသင်းသားတွေက စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲမှာ ဒိုင်အဖြစ်နဲ့ဝိုင်းဝန်းပြီး အားလုံးပူးပေါင်းပါဝင်ပေးကြပါတယ်၊ ကျွန်မကတော့ ‘တက္ကသိုလ်ဘယ်မှာရှိတယ်’ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ဟောပြောခဲ့ပါတယ်၊ တက္ကသိုလ် ဘယ်မှာရှိတယ်ဆိုတာ ကျောင်းသူ/ကျောင်းသားတွေဟာ အတောင်ပံတစ်စုံကျောင်းမှာ သင်‌ပေးလိုက်ပါတယ်၊ ဒီအတောင်ပံကို ပျံနိုင်ဖို့အတွက် ဘဝတက္ကသိုလ်ဆိုတာ စာကြည့်တိုက်ဆီမှာဘဲ ရှိပါတယ်၊ ဒါကြောင့်မို့လို့ စာကြည့်တိုက်တွေက ဘဝတက္ကသိုလ်ဖြစ်တယ်၊ မြန်မာနိုင်ငံက မြန်မာပြည်သူ ပြည်သားတွေဟာ မြန်မာကို ကမ္ဘာကသိစေသလိုဘဲ ကမ္ဘာကိုလည်း မြန်မာကသိဖို့အတွက်စာအုပ်ကို ဖတ်ကြရမယ်၊ စာဖတ်တဲ့လူမျိုးဟာတိုးတက်ပါတယ်၊ ကျွန်မတို့ မြန်မာနိုင်ငံကို ကျွန်မတို့အသင်းကြီးရဲ့ ဆောင်ပုဒ်အတိုင်းဘဲ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ စာပေဂုဏ်ကို မြှင့်တင်ပေးရမယ်ဆိုတဲ့အတိုင်း ယခုကျင်းပတဲ့ပွဲတော်ကြီးဟာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်းပြီးတော့  အလွန်တရာဘဲ ခန့်ခန့်ညားညားနဲ့ အောင်မြင်ခဲ့ပါတယ်၊ ကလေးတွေအတွက်လည်းများစွာ ဗဟုသုတတွေ ရလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်ရှင်၊ အားလုံးကိုလည်း ဒီကနေပြီးတော့ စာတွေ များများဖတ်ကြပါ၊ စာတတ်ပြီးတော့ စာမဖတ်လို့ရှိရင် စာမတတ်တဲ့သူလိုပါဘဲ စာတွေဖတ်ကြပါလို့ တိုက်တွန်းပါတယ်ရှင်၊ ကျေးဇူးတင်ပါတယ်။

စိုးစိုးအေး(ပြန်/ဆက်)

HOT NEWS
January 4,