ကောင်းကျိုးအဖြာဖြာဝေဆာ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ

ကောင်းကျိုးအဖြာဖြာဝေဆာ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 16, 2026
image_latest


ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၇ ခု နှစ်ဟောင်းကုန်ဆုံးသောနေ့ဖြစ်သည်။ မြန်မာလူမျိုးတို့သည် နှစ်ဟောင်းကုန်၍ နှစ်သစ်ဆန်းသည်ကို အလေးအမြတ်ထားကြသည်။ ထို့ကြောင့် နှစ်သစ်သို့မကူးပြောင်းမီ နှစ်သစ်ကူးပွဲတော်ဖြစ်သည့် အတာသင်္ကြန်ပွဲတော်ကို အကြို၊ အကျ၊ အကြတ်၊ အတက်ဟူ၍ လေးရက်တိုင်ခြိမ့်ခြိမ့်သဲဆင်နွှဲကြသည်။ မင်္ဂလာအခါတော် အချိန်အခါကာလတွင် သင်္ကြန်ရေဖြင့် သွန်းလောင်းပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့ကို ဆောင်ကြဉ်းကြသည်။

ရိုးရာယဉ်ကျေးမှု ရှေးထုံးအစဉ်အလာကို မပျက်မယွင်းထိန်းသိမ်းစောင့်ရှောက် ကြသည့်နိုင်ငံများတွင် မြန်မာနိုင်ငံသည် ထိပ်တန်းဟုဆိုချင်သည်။ နှစ်သစ်ကို ကောင်းခြင်းအဖြာဖြာဖြင့်ကြိုဆိုသည့် မင်္ဂလာအခါတော်တွင် တစ်ဦးနှင့်တစ်ဦး ပျော်ရွှင်ကြည်နူးစွာရေပက်ကစားကြခြင်းသည် စိတ်နှလုံးအေးမြကြည်လင်လန်းဆန်းခြင်း၊ အညစ်အကြေးတို့ကို ရေဖြင့်ဆေးကြောခြင်း၊ ရေသည် အကြားမထင်ဆက်စပ်ခြင်းဟူသည့် ရေနိမိတ်အရ နှစ်ဟောင်းမှမကောင်းမှုများကို ဆေးကြောပြီး ကောင်းခြင်းများကိုနှစ်သစ်သို့ ဆက်လက်စီးမျောစေခြင်း၊ အများပြည်သူတို့၏ စိတ်ဓာတ်များနှစ်သစ်ကူးရေစင်ကဲ့သို့ အေးမြကြည်လင်စေလိုခြင်း၊ အများပြည်သူတို့ အချင်းချင်းကြား ရေကိုသား၍ အကြားမထင်သကဲ့သို့ စည်းလုံး ချစ်ခင်စွာဆက်ဆံနေထိုင်ခြင်းစသည့် မွန်မြတ်သောရည်ရွယ်ချက်များကို တစ်စိတ်တစ်ဝမ်းတည်း ဖော်ဆောင်ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ဖြစ်ပေါ်လာသောအခြေအနေအရ ခက်ခဲကြမ်းတမ်းသောဘဝများ၊ အနှောင့်အယှက် အဖျက်အဆီးစိန်ခေါ်မှုများကို နှစ်ဟောင်းတွင် ကြုံတွေ့ခဲ့ကြရပြီးဖြစ်သည်။ လက်ရှိကာလတွင် ရာသီဥတုသဘာဝအရ ပူလောင်ပြင်းပြသည့်အပူရှိန်ကို ခံစားကြရသည်။ ယင်းသို့သော အခြေအနေအရပ်ရပ်တို့ကို ယခုကဲ့သို့ အတာသင်္ကြန်ပွဲတော်ကာလ၌ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများအကြား အတာရေစင်ပက်ဖျန်းပြီး ပျော်ပွဲသဘင်ဆင်နွှဲကြသဖြင့် စည်းလုံးညီညွတ်မှုကို ဆောင်ကြဉ်းပေးနိုင်သလို အတာရေစင်၏ အေးမြစေသည့်သဘောအရ အပူဒဏ်ပါ လျော့နည်းသက်သာသွားသည်ဟု ထင်ရသည်။ တိုင်းရင်းသားပြည်သူအားလုံး အကြွင်းမဲ့အလုံးစုံ နှစ်သက်ပျော်ရွှင်လန်းဆန်းစေမည်ဟု မျှော်လင့်မိသည်။

မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များတွင် နှစ်သစ်ကူးသင်္ကြန်ပွဲတော်သည် အထူးခြားဆုံးနှင့် အစည်ကားဆုံးဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးရှိ အများပြည်သူတို့သည် သင်္ကြန်ပွဲတော်တွင် အခြားရာသီပွဲတော်များထက် နှစ်သက်ပျော်ရွှင်ချမ်းမြေ့ကြသည်။ ဤသို့ ပျော်ရွှင်ချမ်းမြေ့ကြသလို ကုသိုလ်ရေးကိုလည်း မမေ့ကြဖို့လိုသည်။ အပျော်အရွှင်လည်းစုံလင် ကုသိုလ်ကောင်းမှုများလည်း အထူးပြုကြဖို့လိုသည်။ ဤသည်မှာ မြန်မာတို့၏ နှစ်လိုဖွယ်ကောင်းသည့် အနှစ်သာရပြည့်ဝသော ယဉ်ကျေးမှုဓလေ့ပင်ဖြစ်သည်။ နှစ်သစ်ကူးပြောင်းသည့် မင်္ဂလာရှိသောအချိန်ကာလ တွင်ကျင်းပသည့် မဟာသင်္ကြန်ပွဲတော်သည် ယခင်နှစ်များထက်ထူးကဲပြီး နိုင်ငံတော်အစိုးရသစ်၊ လွှတ်တော်ကိုယ်စားလှယ်သစ်များနှင့်အတူ ပြည်သူများ အားလုံးပူးပေါင်းပြီး စိတ်သစ်၊ လူသစ်၊နိုင်ငံရေးအခင်းအကျင်းသစ်များဖြင့် အတူတကွပျော်ရွှင်စွာဆင်နွှဲနိုင်ခဲ့သည်။

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကြီးကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ပြည်သူများအနေဖြင့် ကိုယ်စိတ်နှစ်ပါးချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများအနေဖြင့် မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်တာဝန်များကို ကျရာအခန်းကဏ္ဍမှ စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန်၊ မြန်မာ့မူ၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေရန်ဟူသည့် ရည်ရွယ်ချက်များအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရသည်။

သို့ဖြစ်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သောလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု အထိမ်းအမှတ်ပွဲတော်ဖြစ်သည်။ ရှေးအစဉ်အဆက် လက်ဆင့်ကမ်းအမွေပေးခဲ့သော မြန်မာ့ယဉ်ကျေးမှုအစဉ်အလာပွဲတော်ဖြစ်သည်။ ထို့ပြင် ပျော်ပွဲသက်သက်မဟုတ်သည့် ကောင်းကျိုးဆောင်သော ရိုးရာယဉ်ကျေးမှုပွဲတော်လည်းဖြစ်သည်။ လူမျိုးမရွေး၊ ဘာသာမရွေး ပါဝင်ဆင်နွှဲနိုင်သည့် လွတ်လပ်သောပွဲတော်ဖြစ်သည်။ အားလုံးတစည်းတလုံးတည်း ပျော်ရွှင်ချမ်းမြေ့ကြမည်ဆိုသည့် ကိုယ်စီခံယူချက်များကို ထုတ်ဖော်ပြသကြသည့် အတာသင်္ကြန်ပွဲတော်မှသည် နိုင်ငံတော်သစ်ကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆက်လက်ဆောင်ကြဉ်းကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။