ချင်းပြည်သစ်ကွန်ဂရက်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

ချင်းပြည်သစ်ကွန်ဂရက်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 23, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၂

ချင်းပြည်သစ်ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဦးစိုးထက် (ခ) ဆလိုင်းမဲလုက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၂၂ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ မဲဆန္ဒရှင်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်သစ် ကွန်ဂရက်ပါတီ (New Chinland Congress-NCC)ဥက္ကဋ္ဌ ဦးစိုးထက် (ခ) ဆလိုင်းမဲလုဖြစ်ပါတယ်။ ဒီကနေ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထုတ်လွှင့်မှုအစီအစဉ်မှာ တိုင်းရင်းသားပြည်သူများ၊ အထူးသဖြင့်ချင်းပြည်နယ်ရှိ ချင်းလူမျိုးများအားလုံးနဲ့ မဲဆန္ဒရှင်ပြည်သူများ သိရှိနိုင်ရန်အတွက် ချင်းပြည်သစ်ကွန်ဂရက်ပါတီရဲ့ မူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ်များကို အကျဉ်းမျှတင်ပြသွားမှာ ဖြစ်ပါတယ်။

ချင်းပြည်သစ်ကွန်ဂရက်ပါတီဟာ ချင်းပြည်နယ်နှင့် ချင်းလူမျိုးကိုယ်စားပြုပါတီဖြစ်ပြီး ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးစု အားလုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ အရေးအရာများ တိုးတက်ထွန်းကားလာစေရန်ဆိုတဲ့ အမျိုးသားရေးတာဝန်ကို အာမခံဖော်ဆောင်သွားမယ့် ပါတီဖြစ်ပါတယ်။ ချင်းပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စအရပ်ရပ်အတွက် ချင်းအမျိုးသားနိုင်ငံရေး ဦးဆောင်လမ်းပြခဲ့သူများ၊ ချင်းအမျိုးသား တတ်သိပညာရှင်များ၊ လူငယ်များ၊ အမျိုးသမီးများနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရာက ချင်းပြည်သစ်ကွန်ဂရက်ပါတီ ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ချင်းပြည်သစ်ကွန်ဂရက်ပါတီဟာ ချင်းပြည်နယ်အတွင်းမှာသာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီဖြစ်ပါတယ်။ ပါတီရဲ့အမှတ်တံဆိပ်အဖြစ် ချင်းတိုင်းရင်းသားတို့က တန်ဖိုးထားမြတ်နိုးကြ တဲ့ အောက်ချင်းငှက်မောင်နှံကို တောင်ဇလပ်ပန်းနဲ့တွဲပြီး ပုံဖော်ထား ပါတယ်။ အလံကိုတော့ အပြာ၊ အနီ၊ အစိမ်းသုံးရောင်ခြယ်အလယ်မှာ ကြယ်ဖြူတစ်ပွင့်နဲ့ ပုံဖော်ထားပါတယ်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီဟာ ချင်းပြည်နယ် ချင်းတို့ဌာနေကိုအခြေခံပြီး ဖွဲ့စည်းခဲ့တာဖြစ်တဲ့ အတွက်ကြောင့် ချင်းပြည်နယ်ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းကိုလည်း အနည်းငယ်မျှ တင်ပြလိုပါတယ်။

ချင်းတိုင်းရင်းသားတို့ဟာ ညီနောင်တိုင်းရင်းသားများနှင့်အတူ ၁၉၄၇ ခုနှစ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်တည်ဆောက်ရေးအတွက် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးကို အတူရယူခဲ့တာဖြစ်ပါတယ်။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရ ချင်းတောင်များခရိုင်နှင့် ရခိုင်တောင်တန်းနယ်များ (လက်ရှိ ပလက်ဝခရိုင်) ကို စုစည်းကာ “ချင်းဝိသေသတိုင်း” လို့ သတ်မှတ်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်မှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ချင်းပြည်နယ်အဖြစ် ပြောင်းလဲပြီး တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နှင့် ပလက်ဝဆိုပြီးမြို့နယ် (၉) ခုနှင့် ဖွဲ့စည်းလာတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်အရလည်း ချင်းပြည်နယ်အဖြစ် အခိုင်အမာတည်ရှိနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၄)ခုထဲမှာ ဒေသခံဌာနေ တိုင်းရင်းသားမျိုးနွယ်စု အများဆုံးနေထိုင်တဲ့ တစ်ခုတည်းသော ပြည်နယ်ဖြစ်ပါတယ်။ ဒါကတော့ ချင်းပြည်နယ်ရဲ့ နောက်ခံသမိုင်းအကျဉ်းပဲ ဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား -

ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးပြန်လည်ရရှိပြီး နောက်ပိုင်းမှာ နယ်မြေအေးချမ်းလုံခြုံမှုအရှိဆုံး ပြည်နယ်တစ်ခုအဖြစ်ရှိခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်အဖြစ် ယနေ့တိုင် တည်ရှိနေဆဲဖြစ်ပါတယ်။ ဒီလိုအခြေ အနေမှာ ချင်းပြည်နယ်ကို တန်ဖိုးထားချစ်မြတ်နိုးတဲ့ ချင်းတိုင်းရင်း သားများအားလုံးက ချင်းပြည်နယ်အမြန်ဆုံးငြိမ်းချမ်းပြီး မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးတိုးတက်တာကို လိုလားကြမယ်လို့ ယုံကြည်ပါတယ်။ ဒီတူညီတဲ့ဆန္ဒတွေ အမှန်တကယ် လက်တွေ့ဖြစ်ပေါ်လာရေးအတွက် ညီညွတ်စွာ စုပေါင်းလုပ်ဆောင်မှသာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ချင်းပြည်သစ်ကွန်ဂရက်ပါတီမှာ တူစုံအားပြုပြီး ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်ကြရအောင်လို့ ဒီနေရာကနေ ဖိတ်ခေါ်ပါတယ်။

ဆက်လက်ပြီးတော့ ချင်းပြည်သစ်ကွန်ဂရက်ပါတီအနေနဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကိုအခြေခံပြီး ပါဝင် ယှဉ်ပြိုင်ရတဲ့ ရည်မှန်းချက်ကိုလည်း တင်ပြလိုပါတယ်။

ပထမအချက်က ချင်းပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ ချင်းတိုင်းရင်းသားတိုင်းက ကြိုးပမ်းပူးပေါင်းဆောင်ရွက်ရေးဖြစ်ပါတယ်။

ဒုတိယအချက်က ချင်းပြည်နယ်အတွင်း လူမှုစီးပွားရေး(Socio Economic) ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချင်းတိုင်းရင်းသားတိုင်းက ပူးပေါင်းဆောင်ရွက်ရေးဖြစ်ပါတယ်။

တတိယအချက်က ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးမှာ ညီနောင်တိုင်းရင်းသားလူမျိုး များ၊ မျိုးနွယ်စုများအားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်ရေး ဖြစ်ပါတယ်။

နောက်ဆုံးအချက်က ပြည်ထောင်စုတိုင်းရင်းသားများအားလုံး တန်းတူညီမျှသော အခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ရန် ဖြစ်ပါတယ်။

ဒီရည်မှန်းချက် (၄) ချက်ဟာ - မဖြစ်မနေဖော်ဆောင်သွားရမယ့် ချင်းအမျိုးသားရေးတာဝန်ဖြစ်တယ်လို့ ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC)က အခိုင်အမာခံယူထားတာဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုနောက်အကျဆုံး ပြည်နယ်ကနေ ရုန်းထွက်ပြီး အခြားသော တိုင်းဒေသကြီး/ပြည်နယ်များနှင့် ရင်ပေါင်တန်းနိုင်ဖို့ဆိုရင် စတင်လုပ်ဆောင်ရမယ့် နည်းလမ်း ဟာ လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲလမ်းကြောင်းပဲ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ခုနှစ်အရ ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာတဲ့ ၂၀၁၀ နောက်ပိုင်းမှာ ပြည်သူများရဲ့ဆန္ဒတွေကို ပြည်သူ့ကိုယ်စားလှယ်များကတစ်ဆင့် ထုတ်ဖော်ခွင့်ရလာလို့ တစ်မြို့နှင့်တစ်မြို့ တစ်ရွာနှင့်တစ်ရွာ ဆက်သွယ်သွားလာလို့ ရလာတယ်။ စာသင်ကျောင်း၊ ကျန်းမာရေးဌာန၊ လမ်းတံတားတွေလည်း တိုးတက်ပြောင်းလဲလာခဲ့တာပဲ ဖြစ်ပါတယ်။

မဲဆန္ဒရှင် ပြည်သူအပေါင်းတို့ခင်ဗျား -

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကံကြမ္မာအလှည့်အပြောင်းမှာ ကျွန်တော်တို့ ချင်းပြည်နယ်ဟာလည်း မပျက်စီးသင့်တာတွေ ပျက်စီးရပြီ။ မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးခဲ့ရတယ်။ မချမ်းသာပေမယ့် ပျော်ရွှင် အေးချမ်းတဲ့ ချင်းပြည်နယ်၊ မဖွံ့ဖြိုးပေမယ့် တည်ငြိမ်တဲ့ချင်းပြည်နယ်ဟာ ယခုအချိန်မှာ လက်နက်ကိုင်ပဋိပက္ခဒဏ်ကို အလူးအလဲခံနေရတာ မဲဆန္ဒရှင်များ အသိပဲဖြစ်ပါတယ်။ မြို့ရွာတွေပျက်စီးသွားတယ်။ အပြစ်မဲ့ပြည်သူတွေပါ အသက်နဲ့ခန္ဓာ ဆုံးရှုံးခဲ့ကြရတယ်။ ကိုယ့်ရပ် ကိုယ့်ရွာ၊ ကိုယ့်အိမ်၊ ကိုယ့်ခြံကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ စွန့်လွှတ်ခဲ့ရတယ်။ အရပ်တစ်ပါးမှာ အနေ၊ အစား၊ ကျပ်တည်းရတယ်။ ရုံးတွေပိတ်၊ ကျောင်းတွေပိတ်လို့ လူသားအရင်း အမြစ်တွေ များစွာဆုံးရှုံးခဲ့ရတယ်။ ပညာသင်ယူနေဆဲ သားသမီးတွေ ပညာရေးနှင့် အဆက်ပြတ်တောက်သွားခဲ့ရတယ်။ ကိုယ့်ရပ်၊ ကိုယ့်ရွာ ကိုယ့်အိမ်၊ ကိုယ့်ခြံမှာ ကြိတ်မှိတ်ဖက်တွယ်သူများမှာလည်း စားဝတ်နေရေး၊ အသက်အန္တရာယ် လုံခြုံရေးအာမခံချက်မရှိဘဲ ကျီးလန့်စာစား ဘဝရောက်နေကြရပါတယ်။ ပြည်သူတွေလိုချင်တာက “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး” ပဲ ဖြစ်ပါတယ်။ ဒီအတိုင်းသာ ညီအစ်ကိုအချင်းချင်း အပြန်အလှန် တိုက်ခိုက်နေကြရင် ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုလည်းပေါ်ပေါက်လာနိုင်မှာ မဟုတ်ပါဘူး။

ချင်းပြည်သစ်ကွန်ဂရက်ပါတီအနေနဲ့ကတော့ ပဋိပက္ခတိုင်းကို ငြိမ်းချမ်းစွာစားပွဲပေါ်မှာ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့နည်းလမ်းထက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းမရှိဘူးဆိုတာ အခိုင်အမာယုံကြည်လို့ ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင်ရခြင်းပဲဖြစ်ပါတယ်။ ချင်းပြည် သစ်ကွန်ဂရက်ပါတီအနေနဲ့ ငြိမ်းချမ်းရေးစားပွဲပေါ်မှာ ပြည်သူအတွက် မားမားမတ်မတ် ရဲရဲဝံ့ဝံ့ရပ်တည်သွားပါမယ်လို့ ကတိပြုပါတယ်။ ဒါကြောင့် ချင်းပြည်သစ်ကွန်ဂရက်ပါတီ ဆောင်ရွက်လိုတဲ့ လုပ်ငန်းစဉ် (၄)ရပ်ကိုလည်း မဲဆန္ဒရှင်ပြည်သူများကို တင်ပြလိုပါတယ်။

လုပ်ငန်းစဉ်(၁)

ချင်းပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခ ရပ်စဲရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ကြိုးပမ်းညှိနှိုင်းအဖြေရှာကြဖို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွက်လာမယ့် အစိုးရသစ်က ဦးဆောင်ရမှာဖြစ်ပြီး ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်ရမှာဖြစ်ပါတယ်။ ယာယီအပစ်အခတ်ရပ်စဲကာ တွေ့ဆုံဆွေးနွေးရာကနေ ပဋိပက္ခလုံးဝရပ်စဲနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းကြရမှာဖြစ်ပါ တယ်။ ယာယီနေရပ်စွန့်ခွာသူများ ဂုဏ်သိက္ခာရှိရှိ မိမိနေရပ်ပြန်လာနိုင်ရေး၊ လုံခြုံရေးအာမခံချက်ရအောင် ဖန်တီးပေးရေး၊ စားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများ ပြန်လည်ကုစားရေး၊ အရေးပေါ်၊ ရေတို၊ ရေရှည်အထောက်အပံ့များ ရရှိနိုင်ရေး ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

လုပ်ငန်းစဉ် (၂)

လက်နက်ကိုင် ပဋိပက္ခများကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ အများပြည်သူပိုင် အဆောက် အအုံများ၊ လူနေအိမ်ရာများ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းကို မဖြစ်မနေဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒီအတွက်လိုအပ်တဲ့ ကုန်ကျစရိတ်တွေကို နိုင်ငံတော်အစိုးရအပြင် ပြည်တွင်းပြည်ပ အလှူရှင်များထံမှ အကူအညီများရရှိဖို့အတွက်ပါတီနှင့် ရွေးကောက်ခံကိုယ်စားလှယ်များအပါအဝင် ပြည်သူ တစ်ရပ်လုံးကလည်း ပူးပေါင်းပါဝင်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

လုပ်ငန်းစဉ်(၃)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်မှာ တက်ကြွစွာ ပါဝင်သွားဖို့ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာချုပ်ဆိုခဲ့ကြတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဟာ ပြည်ထောင်စုနဲ့ တိုင်းရင်းသားအားလုံးရဲ့ အနာဂတ်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးရှုထားပြီး နိုင်ငံတော်နဲ့တိုင်းရင်းသားများအပေါ် အာမခံထားခြင်းဖြစ်ပါတယ်။ နိုင်ငံရေးသဘောထားချင်း မတိုက်ဆိုင်လို့ လက်နက်ကိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကိုအဖွဲ့ပေါင်းစုံကိုလည်း နိုင်ငံရေးစားပွဲဝိုင်း ပေါ် ရောက်ရှိလာအောင် မဲဆန္ဒရှင်ပြည်သူများနဲ့လက်တွဲပြီး စည်းရုံး ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် ချင်းပြည်သစ်ကွန်ဂရက်ပါတီအနေနဲ့ ပါဝင်သူများအားလုံးနဲ့အတူ NCA ဆွေးနွေးပွဲမှာလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် အစွမ်းကုန်ကြိုးစားသွားပါမယ်လို့ ကတိပြုပါတယ်။

လုပ်ငန်းစဉ်(၄)

စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော စက်မှုလုပ်ငန်းများဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းစီမံကိန်းတွေ ဖော်ဆောင် ရမှာဖြစ်ပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ဖြတ်သန်းသွားတဲ့ ကုလားတန်ဘက်စုံစီမံကိန်းဟာ ချင်းပြည်နယ်တိုးတက်ရေးအတွက် အရေးပါတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအတွက် များစွာအထောက်အကူပြုမှာဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီကို ပြည်သူက ရွေးချယ်ထောက်ခံသွားမည်ဆိုရင် လွှတ်တော်အဆင့်ဆင့်တိုင်းမှာ ပြည်သူတွေ လိုလားတဲ့ စီမံကိန်းတွေဖော်ဆောင်ရေးနဲ့ ဥပဒေပြုရေးကဏ္ဍတွေမှာ ထိထိရောက်ရောက် လုပ်ဆောင်ခွင့် ရရှိမှာဖြစ်ပါတယ်။

ချင်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ ချင်းတိုင်းရင်းသားများ၊ အခြားတိုင်းရင်းသားများနှင့် ချင်းမျိုးနွယ်စုများခင်ဗျား-

ချင်းပြည်နယ်ရဲ့ ပကတိအခြေအနေကို အားလုံးကသိရှိကြပြီး ဖြစ်ပါတယ်။ ယခုအချိန်မှာ ချင်းပြည်သူအားလုံးက ပြည်နယ်တည်ငြိမ် အေးချမ်းရေးကို အလိုလားဆုံး၊ အတောင့်တဆုံးဖြစ်ပါတယ်။ ချင်းပြည်သူတွေ လုံခြုံအေးချမ်းစွာ သွားလာလုပ်ကိုင်ချင်ကြပါပြီ၊ မြို့ရွာတွေ ပြန်လည်နွေးထွေးစေလိုကြပါပြီ၊ စာသင်ကျောင်းတွေကလည်း ကျွန်တော်တို့ရဲ့သားသမီးတွေကို စောင့်မျှော်ဖိတ်ခေါ်နေပါပြီ။ အဆက်ပြတ်တောက်သွားတဲ့ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေလည်း ပြန်လည်အသက်ဝင်ဖို့ လိုအပ်နေပါပြီ။ ဒါကြောင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်ကစပြီးကျင်းပမယ့် လွှတ်တော်အဆင့်ဆင့် ရွေးကောက်ပွဲမှာ တက်တက်ကြွကြွ ဆန္ဒမဲပေးကြဖို့ အရေးကြီးပါတယ်။

ချင်းပြည်သစ်ကွန်ဂရက်ပါတီကို ထောက်ခံမဲပေးခြင်းအားဖြင့် လာမယ့်(၅)နှစ်အတွက် မိမိတို့ချင်းတိုင်းရင်းသားများနဲ့ မျိုးနွယ်စုတွေကို အမှန်တကယ်အလုပ်အကျွေးပြုမယ့် ပြည်သူ့ကိုယ်စားလှယ်တွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

ချင်းပြည်နယ်ကိုချစ်တဲ့ ချင်းပြည်သူမဲဆန္ဒရှင်များအနေနဲ့ အခြားတိုင်းရင်းသားများနဲ့အတူ ပူးပေါင်းပြီး ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ခုလုံး မျှမျှတတဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းကြဖို့ အချိန်တန်ပါပြီ။

ဒါကြောင့် ကျွန်တော့်အနေနဲ့ နောက်ဆုံးတင်ပြလိုတာကတော့- ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်ချင်းပြည်နယ်အတွက် - အောက်ချင်းမောင်နှံနဲ့ တောင်ဇလပ်ပန်းပုံပါတဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီကို ချင်းပြည်နယ် မဲဆန္ဒရှင် ပြည်သူတိုင်းက ထောက်ခံမဲပေးကြပါစို့လို့ မေတ္တာရပ်ခံပန်ကြားရင်း နိဂုံးချုပ်ပါတယ်။ အားလုံးဘေးကင်းရန်ကွာ ကျန်းမာချမ်းသာကြပါစေ။

HOT NEWS
January 4,