ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 12, 2025
image_latest


နေပြည်တော် ဧပြီ ၁၂

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်၊ ဥမင်ကိုးဆယ်စေတီတော်နှင့် ဟံသာဂီရိဘုန်းတော်ကြီးကျောင်းတို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် သာသနိကအဆောက်အဦများအား ဖယ်ရှားရှင်းလင်းနေမှု၊ ပိုးတန်းရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ ငလျင်ဒဏ်သင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးဝေနေမှု၊ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် မြို့မစည်ပင်သာယာဈေး၊ ထူပါရုံစေတီနှင့် ပန်းပဲတန်းရပ်ကွက်ရှိ ရတနာဆင်များရှင်စေတီ၊ သာသနိကအဆောက်အဦများ၊ အရန်စေတီများ၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းမှု၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (ယာယီ)ကျောင်းဆောင်ဆောက်လုပ်နေမှု၊ မင်းလမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုနှင့် အေးမြဝတီရပ်ကွက်ရှိ ခုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံ၌ ယာယီဆေးရုံ ဆောက်လုပ်နေမှုတို့အား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ နန်းမြို့တွင်းရှိ ရန်ကြီးအောင်ရိပ်သာ၌ မန္တလေးမြို့သို့ရောက်ရှိနေသော အိန္ဒိယနိုင်ငံမှ Colonel RAKESH KADEKHAR နှင့်တွေ့ဆုံ၍ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့်အဆောက်အဦများနှင့် လမ်းတံတားများ ရှင်းလင်းဖယ်ရှားရေး၊ ပြန်လည်တည်ဆောက်ရေးကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ကြသည်။ ထို့ပြင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့ရှိ Sky Villa နေရာ၊ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ရေသန့်စက်ဆောက်လုပ်နေမှုနေရာ၊ ဂရိတ်ဝေါ(လ်) ဟိုတယ်နေရာ၊ မဟာမုနိဘုရားကြီးတို့၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးသည့်နေရာများအား ရှေးမူမပျက်ပြန်လည်ပြင်ဆင်နေမှု၊ မဟာမုနိဘုရားကြီး မကိုဋ်တော်ပြန်လည်တည့်မတ်ပြီးစီးမှုအခြေအနေများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ချမ်းအေးသာစံမြို့နယ်ရှိ စကုကျောင်းတိုက်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရှင်ပင်သာဒွန်းဦးဘုရားနှင့် မဟာသုန္ဒရာရာမကျောင်းတိုက်တို့၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ ကျောက်ဆည်မြို့၊ ရွှေမုဋ္ဌောစေတီ၊ ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ အန္တရာယ်ရှိ အဆောက်အဦနေရာများ၊ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ရုံးနေရာ၊ ပတ္တာအုပ်စု၊ ငါးဆူကျေးရွာရှိ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံနေရာနှင့် ပတ္တာကျေးရွာအတွင်းရှိ အဆောက်အဦနေရာများ၊ ဖူးရှင်းသံမဏိစက်ရုံ၊ ပြုံးပန်းဝေသံမဏိစက်ရုံ၊ ဟန်စတီးသံမဏိစက်ရုံနေရာများနှင့် Power Gen Kyaukse Campany Limited လျှပ်စစ်ဓာတ်အားထုတ် စက်ရုံနေရာများ၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေမှုများ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်ကလည်းကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှု(သိပ္ပံ)တို့၌ အပျက်အစီးများ ဖယ်ရှား ရှင်းလင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,