စက်မှုကျွမ်းကျင်သင်တန်းနှင့် အဝတ်အထည်ချုပ်လုပ်မှုသင်တန်း ဖွင့်လှစ်
စက်မှုကျွမ်းကျင်သင်တန်းနှင့် အဝတ်အထည်ချုပ်လုပ်မှုသင်တန်း ဖွင့်လှစ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 12, 2026
နေပြည်တော် မေ ၁၁
စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း အမှတ်စဉ်(၁၄)နှင့် အဝတ်အထည်ချုပ်လုပ်မှု သင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အမှတ်(၂) စက်မှုသင်တန်းကျောင်း(မန္တလေး)၌ကျင်းပရာ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းအသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားများ ရရှိနိုင်ရေးအတွက် သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး နိုင်ငံသားများ၏ အသိပညာ၊ အတတ်ပညာ တိုးတက်မြင့်မားမှုသည် နိုင်ငံ၏ကုန်ထုတ်လုပ်မှုကို များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ စက်မှုနှင့်နည်းပညာလောကတွင် စဉ်ဆက်မပြတ်လေ့လာခြင်းနှင့်တက်ကြွစွာ ပြုမူဆောင်ရွက်ခြင်းတို့သည် အောင်မြင်မှုကို ရရှိစေမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားပြီး စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း လက်တွေ့သင်ကြားရေးအလုပ်ရုံများနှင့် အထည်ချုပ်သင်တန်းနေရာများကို ကြည့်ရှုစစ်ဆေး သည်။
ယခုဖွင့်လှစ်မည့် သင်တန်း အမှတ်စဉ်(၁၄)တွင် သင်တန်းသားသင်တန်းသူ ၇၇ ဦးအား ဘာသာရပ်ခြောက်ခုကို ၂၀၂၆ ခုနှစ် မေ ၁၁ ရက်မှ ၂၀၂၇ ခုနှစ် မတ် ၂၃ ရက်အထိ တစ်နှစ်ကြာ စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး အမှတ်စဉ်(၃)တွင် သင်တန်းသူ ၂၀ အား မေ ၁၁ ရက် မှ ဇွန် ၄ ရက်အထိ တစ်လကြာ လေ့ကျင့်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
