စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုကဏ္ဍ အောင်မြင်အောင် ဆောင်ရွက်မှ အကျိုးဖြစ်ထွန်းမည်

စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုကဏ္ဍ အောင်မြင်အောင် ဆောင်ရွက်မှ အကျိုးဖြစ်ထွန်းမည်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 08, 2025
image_latest


မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ကာ ပြည်ပသို့ ပို့ကုန်များ ပိုမိုတင်ပို့နိုင်ခြင်းအားဖြင့် ကမ္ဘာပေါ်တွင် စားရေရိက္ခာထုတ်လုပ်သည့်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်မည့် ရေခံမြေခံကောင်းများ ရှိနေသည်။ ပင်လယ်ပြင်ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများအတွက် ကျယ်ဝန်းသည့် ရေပိုင်နက်ရှိသကဲ့သို့ ရေချိုငါးလုပ်ငန်းများအတွက် မြစ်ချောင်းအင်းအိုင်များလည်း အများအပြားရှိနေရာ ငါး၊ ပုစွန်၊ ရေထွက်အစားအစာများ ထုတ်လုပ်နိုင်သည့် အခြေခံကောင်းများ လည်း ပြည့်စုံသည်။

မိမိတို့တွင် ရေခံမြေခံကောင်းများနှင့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားသည်နှင့်အညီ အကျိုးရှိရှိ အသုံးချပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာ ရေးအတွက် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းမှာ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုအားနည်းနေဆဲဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းများ သတ်မှတ်ပေးပြီး ရည်မှန်းချက်များ ပြည့်မီအောင် တွန်းအားပေးဆောင်ရွက်လျက်ရှိသည့်တိုင် ထိုက်သင့်သလောက် တိုးတက်မှုမရရှိသေးကြောင်း သိရှိရသည်။

သီးနှံများ အထွက်တိုးရေးမှာ စိုက်ပျိုးရေးလုပ်ကိုင်ကြသည့် တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည်။ သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းများ ရရှိရေး ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရေး၊ စိုက်ပျိုးမြေကို စနစ်တကျပြုပြင်ပြီး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိန်ကိုက် အချိုးကျ စနစ်တကျသုံးစွဲ၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေ အောင်ရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေးစသည့် မျိုး၊ မြေ၊ ရေ၊ နည်းဟူသော နည်းလမ်း (၄) သွယ် ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ရန်လိုသည်။ သီးနှံများ ပိုမိုထွက်ရှိရေးနှင့် သီးထပ်စွမ်းအား မြင့်မားစေရေးအတွက် တစ်သီးစိုက်လယ်မြေများကို နှစ်သီးစိုက်၊ သုံးသီးစိုက်စသည်ဖြင့် သီးထပ်စိုက်ပျိုးနိုင်စေရေး သီးနှံပုံစံများ ချမှတ်ဆောင်ရွက်ကြရမည်လည်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ “တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေးထွက်ကုန်ပစ္စည်းများ ပိုမိုတိုးတက်အောင် ထုတ်လုပ်နိုင်ရန်လိုကြောင်း” ပြောကြားခဲ့ပြီး ဆက်လက်၍ “မိမိတို့အစိုးရ၏ ၅ နှစ်တာကာလအတွင်း ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၂ ဘီလီယံ ကျော်ခန့်ရှိသည်ကို တွေ့ရကြောင်း၊ သို့သော် ယခုထက်ပိုမို၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက ကုန်သွယ်မှုပိုငွေများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံစီးပွားရေးအတွက် များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

မိမိတို့နိုင်ငံ၏ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်သူများဖြစ်ရာ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးတို့အတွက် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် ဝါယမစိုက်ထုတ်ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

HOT NEWS
January 4,