တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁ဝ) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် NCA လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာအသိသက်သေများ၏ ကိုယ်စားလှယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန H.E.Mr. Deng Xijiun ပြောကြားသည့် ဂုဏ်ပြုစကား
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁ဝ) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် NCA လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာအသိသက်သေများ၏ ကိုယ်စားလှယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန H.E.Mr. Deng Xijiun ပြောကြားသည့် ဂုဏ်ပြုစကား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 16, 2025

နေပြည်တော် အောက်တိုဘာ ၁၅
အဆွေတော် ယာယီသမ္မတကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနဲ့ ပြည်ထောင်စုဝန်ကြီးများ၊ သံအမတ်ကြီးများ၊ လေးစားအပ်ပါသော ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား
မင်္ဂလာနံနက်ခင်းပါလို့ ဦးစွာ နှုတ်ခွန်းဆက်ပါရစေ။ မိမိအနေနဲ့ မြန်မာနိုင်ငံရဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ဂုဏ်ပြုပါဝင်ပေးနိုင်ဖို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ဖိတ်ကြားခဲ့တဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်က တရုတ်နိုင်ငံနဲ့ အခြား သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများကို သက်သေထားပြီး သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၈)ဖွဲ့ရဲ့ ခေါင်းဆောင်တွေနဲ့အတူ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သမိုင်းဝင်တိုးတက်မှုတစ်ရပ်လို့ဆိုနိုင်မယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံဟာ ပြည်တွင်း၊ ပြည်ပ အခြေအနေအရပ်ရပ်နဲ့ ကြုံတွေ့ခဲ့ရသလို ကပ်ရောဂါ၊ တိုင်ဖွန်းမုန်တိုင်းနဲ့ ငလျင်လှုပ်ခတ်မှု စတဲ့စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ခဲ့ရပြီး တိုင်းပြည်ရဲ့ခံနိုင်ရည်စွမ်းအားကို အပြည့်အဝ ပြသခဲ့ပါတယ်။ နက်ရှိုင်းပြီး ကာလကြာရှည်တည်ရှိခဲ့တဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးတဲ့ ပေါက်ဖော်ဆက်ဆံရေးနဲ့အညီ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လိုအပ်တဲ့အထောက်အပံ့တွေ အချိန်မီပေးအပ်ခဲ့သလို မြန်မာနိုင်ငံရဲ့ ထာဝရငြိမ်းချမ်းရေးရရှိရေး အကောင်အထည်ဖော်နေတဲ့ လမ်းကြောင်းကိုလည်း ဆတက်ထမ်းပိုး ရှေ့တိုးဆောင်ရွက်နိုင်ဖို့ ကူညီခဲ့ပါတယ်။
မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကို လိုအပ်နေပါတယ်။ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသားရေးစည်းလုံးညီညွတ်မှုနဲ့ နယ်မြေပိုင်ဆိုင်မှုတို့ကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့်အပေါ် ခိုင်ခိုင်မာမာ ထောက်ခံပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ကတိကဝတ်များ ပေးအပ်ဆောင်ရွက်နေတာကိုလည်း ခိုင်ခိုင်မာမာ ထောက်ခံပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်းမှာ ပဋိပက္ခတွေမြင့်တက်လာတာ ဒါမှမဟုတ် ထိန်းသိမ်းရခက်တဲ့ စည်းမဲ့ကမ်းမဲ့အခြေအနေတွေ ပေါ်ပေါက်လာမှာကိုတော့ မလိုလားပါဘူး။
ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်းမှာ မိမိတို့အနေနဲ့ နိုင်ငံတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ဖို့အတွက် စစ်ပွဲတွေအဆုံးသတ်ပြီး ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်နိုင်ဖို့ မြန်မာနိုင်ငံအစိုးရကို ကူညီပေးရေး ကတိကဝတ်ပြုခဲ့ပါတယ်။ မကြာသေးမီ နှစ်ကာလတွေအတွင်း မြန်မာနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းများရဲ့ဆန္ဒအရ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ဖို့၊ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ဖို့ တရုတ်နိုင်ငံအနေနဲ့ မြန်မာတပ်မတော်ကို ကူညီပေးခဲ့ပါတယ်။ တစ်ဖက်မှာလည်း သက်ဆိုင်ရာနယ်မြေတွေရဲ့ တည်ငြိမ်ရေးနဲ့ အခြေအနေတိုးတက်ကောင်းမွန်လာစေရေးအတွက် ဆောင်ရွက်ပေးခဲ့ပါတယ်။ မိမိတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အချုပ်အခြာအာဏာကို အပြည့်အဝလေးစားသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲများနဲ့ အကျိုးတော်ဆောင်အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးရတဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ဖို့ အသင့်ရှိနေကြောင်း ပြောကြားလိုပါတယ်။
မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကြီးအတွက် ငြိမ်းချမ်းရေးလိုအပ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတစ်ရပ်လုံးအပေါ် ချစ်ကြည်ဖော်ရွေရင်းနှီးတဲ့ မူဝါဒကိုကျင့်သုံးပြီး အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဆိုတဲ့မူကိုလည်း တင်းတင်းကျပ်ကျပ် လိုက်နာလျက်ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအစဉ်အလာကို လေးစားသလို ပြည်ပအင်အားစုများက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လာတဲ့အခြေအနေကိုလည်း ဆန့်ကျင်ကြောင်း ပြောကြားလိုပါတယ်။
ယခုနှစ်ကုန်မှာ မြန်မာနိုင်ငံအနေနဲ့ အဓိကပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ငြိမ်းချမ်းပြီးတည်ငြိမ်တဲ့ ပြည်တွင်းအခြေအနေတစ်ရပ် လိုအပ်ပါတယ်။ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံတွင်းက သက်ဆိုင်ရာပါတီတွေ၊ နိုင်ငံတွင်း အခြေအနေအရပ်ရပ်နှင့် လိုက်လျောညီထွေရှိတဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်နေပြီး ကနဦးကတည်းက နိုင်ငံရေးပြန်လည်သင့်မြတ်ရေးနဲ့ တည်ငြိမ်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ပေါ်ထွန်းရေးကို ဆောင်ရွက်နေတဲ့ မြန်မာကို တရုတ်နိုင်ငံအနေနဲ့ ခိုင်ခိုင်မာမာထောက်ခံပါတယ်။ မကြာခင်ကျင်းပတော့မယ့် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်း လိုအပ်တဲ့ ရုပ်ဝတ္ထုပစ္စည်းအကူအညီ၊ နည်းပညာအကူအညီတွေ ပေးအပ်သွားဖို့ အသင့်ရှိနေကြောင်းကိုလည်း ထည့်သွင်းပြောကြားလိုပါတယ်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ငြိမ်းချမ်းရေးလိုအပ်ပါတယ်။ ဒီနှစ်ဟာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား သံတမန်ထူထောင်ခြင်း (၇၅)နှစ် ပြည့်မြောက်တဲ့နှစ်ဖြစ်ပြီး နှစ်နိုင်ငံအကြားအဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်လည်ပတ်ခဲ့ကြပါတယ်။ မိမိတို့အနေနဲ့ နှစ်နိုင်ငံခေါင်းဆောင်ကြီးများ သဘောတူခဲ့တဲ့ အရေးကြီးကိစ္စရပ်တွေကို အကောင်အထည်ဖော်ဖို့၊ အေးအတူပူအမျှ အနာဂတ်အခြေခံတဲ့ လူမှုအသိုက်အဝန်းတည်ဆောက်ရေး နက်ရှိုင်းလာစေဖို့နဲ့ ဖွံ့ဖြိုးတိုးတက်လာစေရေးကို ပူးတွဲ မြှင့်တင်ပေးနိုင်ဖို့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးဖွံ့ဖြိုးလာစေဖို့နဲ့ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေးမြင့်မားတိုးတက်လာစေဖို့ ကြိုးပမ်းနေတဲ့အပေါ် တရုတ်နိုင်ငံက ခိုင်ခိုင်မာမာထောက်ခံပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံပြည်သူများ အေးချမ်းသာယာဝပြောလာစေဖို့နဲ့ တရုတ်-မြန်မာဆက်ဆံရေးကို ဆတက်ထမ်းပိုး မြင့်မားတိုးတက်လာစေဖို့ အရည်အသွေးပြည့်ဝတဲ့ ရပ်ဝန်းတစ်ခုလမ်းကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖြစ်လာဖို့အတွက်လည်း မြန်မာနိုင်ငံနဲ့ လက်တွဲဆောင်ရွက်သွားပါမယ်။ တစ်ချိန်တည်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းတစ်လျှောက်မှာရှိတဲ့ အဓိကစီမံကိန်းများကိုလည်း တဖြည်းဖြည်း အားထည့်ဆောင်ရွက်သွားမှာဖြစ်သလို အသက်မွေးဝမ်းကျောင်းအစီအစဉ်များကိုလည်း အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။
အိမ်နီးချင်းအချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖွံ့ဖြိုးစည်ပင်ကြသလို၊ ဆွေမျိုးဉာတကာအချင်းချင်း ဆန္ဒမွန်ပြုကြသလို ပြောကြားပြီး မိန့်ခွန်းကို နိဂုံးချုပ်ပါတယ်။
မိမိအနေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်တဲ့ အဖွဲ့အစည်းများဟာ ပွင့်လင်းတဲ့၊ အားလုံးပါဝင်နိုင်တဲ့၊ အလျော့အတင်းညီညွတ်တဲ့ လက်တွေ့ချဉ်းကပ်မှုနည်းလမ်းကို ကျင့်သုံးနိုင်ကြပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုလမ်းကြောင်းကို လိုက်နာစောင့်ထိန်းကာ အပြန်အလှန်ယုံကြည်မှုတွေ တိုးပွားလာသလို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ပိုပြီးပူးပေါင်းပါဝင်လာနိုင်ကြဖို့ ရိုးသားစွာ ယုံကြည်မျှော်လင့်ပါတယ်။
ကျေးဇူးတင်ပါတယ်။