တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၁) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၁) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / December 07, 2019
image_latest


နေပြည်တော် ဒီဇင်ဘာ ၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပသော စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၁) သင်တန်း ဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ ကျော်ဆွေ နှင့်ဇနီး၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စိန်ဝင်း နှင့် ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မြထွန်းဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တိုင်းမှူးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင် တပ်နယ်မှ အရာရှိ ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နိုင်ငံခြား စစ်သံရုံးများမှ စစ်သံမှူး များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

▲▲ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူ▲▲

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်း တပ်ရင်းများကို စစ်ဆေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဗိုလ်လောင်းတပ်ရင်းများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

▲▲ဆုများ ပေးအပ်ချီးမြှင့်▲▲

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၆၁)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း ပြည့်ဖြိုးလှိုင်၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်း စိုးထက်မြတ်ကျော်၊ စာပေထူးချွန်ဆု (ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်း ဖြိုးမင်းကျော်၊ စာပေထူးချွန်ဆု(သိပ္ပံ)ရရှိသူ ဗိုလ်လောင်း အောင်ဖြိုးကျော်၊ စာပေ ထူးချွန်ဆု(ကွန်ပျူတာ) ရရှိသူ ဗိုလ်လောင်း ပြည့်မိုးလျှံတို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်းဗိုလ်လောင်း များအား မိန့်ခွန်း ပြောကြားရာတွင် တပ်မတော်(ကြည်း၊ ရေ၊လေ)အတွက် လိုအပ်သည့် လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန်ဆိုသည့် စစ်တက္ကသိုလ်၏ ရည်မှန်းချက် အတိုင်း တပ်မတော်၏ ခေါင်းဆောင်ငယ်များအဖြစ် အမိစစ်တက္ကသိုလ်ကြီးက လေ့ကျင့်မွေးထုတ် ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုလို ကောင်းမွန် သည့် ရည်ရွယ်ချက်နှင့် မွေးဖွားလာခဲ့သည့် ရဲဘော်တို့သည် အမိစစ်တက္ကသိုလ်၏ သမိုင်းအစဉ်အလာများကို စောင့်ထိန်း ပြီး လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ခေါင်းဆောင်ကောင်းအရာရှိများအဖြစ် တပ်မတော် (ကြည်း၊ရေ၊ လေ) တပ်အသီးသီး တွင် ပေးအပ်လာသော တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်သွားကြရမည်ဖြစ် ကြောင်း။

ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်မည့် ရဲဘော်တို့သည် မိမိတို့ ကွပ်ကဲ အုပ်ချုပ်ရ သည့် တပ်ဖွဲ့ဝင်များအပေါ် မှန်ကန်သော ခေါင်းဆောင်မှုပေးရန် လိုအပ်ကြောင်း၊ ခေါင်းဆောင်မှု ဆိုသည်မှာ ခေါင်းဆောင်ကောင်း များတွင် ထားရှိရမည့် အရည်အသွေးများလည်းဖြစ်ကြောင်း၊ မိမိကွပ်ကဲရသည့် တပ်ဖွဲ့ဝင်များအတွက် စံနမူနာကောင်း ဖြစ်နေရုံသာမက အခြားသူများ၏ ယုံကြည်လေးစား အားထားရသော သူများ၊ အသိအမှတ်ပြုခံရသူများဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်ကောင်းဆို သည်မှာ အသိပညာ၊ အတတ်ပညာများနှင့်လည်း ပြည့်စုံရ မည် ဖြစ်ကြောင်း၊ ၎င်းအသိ ပညာ၊ အတတ်ပညာများကို ကောင်းမွန်သော အတွေးအခေါ် များဖြင့် ပေါင်းစပ်ပြီး မှန်ကန်သည့် ခေါင်းဆောင်မှု၊ ဥပဒေနှင့် ညီညွတ်သောအမိန့်၊ မျှတသော ဆုံးဖြတ်ချက် များဖြင့် မိမိကွပ်ကဲရသည့် တပ်ဖွဲ့ကို တိုးတက်အောင်မြင်ရန် စနစ်တကျ ဦးဆောင် သွားကြရမည်ဖြစ်ကြောင်း။

▲▲တစ်ဦးချင်းကျွမ်းကျင်မှုအတွက် လေ့ကျင့်▲▲

မိမိတို့တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေ ရခြင်းဖြစ်ပြီး ကာကွယ်ရေးဆိုသည်မှာ ချက်ချင်းဆောင်ရွက်၍ မရဘဲ ကြိုတင်ပြင်ဆင် လေ့ကျင့်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ စစ်တက္ကသိုလ်က စစ်ပညာနှင့် စာပေပညာများကို အခြေခံ ကောင်းများရရှိအောင် သင်ကြားပေးလိုက်ခြင်းဖြစ်ပြီး မိမိ၏ အရည်အသွေးနှင့် အရည်အချင်း များ၊ မိမိကွပ်ကဲအုပ်ချုပ်ရသည့် တပ်ဖွဲ့ဝင်များ၏ အရည်အသွေးနှင့် အရည်အချင်းများ တိုးတက် နေရန်အတွက် စဉ်ဆက်မပြတ် လေ့ကျင့်မှုများ ဆောင်ရွက်နေကြမည်ဖြစ်ကြောင်း၊ တပ်မတော် သားများသည် ကျန်းမာ ကြံ့ခိုင်မှု ရှိရမည်၊ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်မှုရှိရမည်၊ တိုက်ရဲခိုက်ရဲသည့် စိတ်နှင့် ရဲစွမ်းသတ္တိရှိရမည်ဖြစ်၍ တစ်ဦးချင်းကျွမ်းကျင်မှုအတွက် လေ့ကျင့်မှု များကို မှန်မှန် ကန်ကန် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက် နေသော စစ်အသုံးအဆောင်ပစ္စည်း၊ နည်းပညာများနှင့် ကိုက်ညီအောင် ပြောင်းလဲမှုရှိ တိုင်း အသုံးပြုနိုင်ရေး လေ့ကျင့်ဆောင်ရွက်နေကြ ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် မိမိတို့တပ်မတော်၏ လေ့ကျင့်ရေး ဆောင်ပုဒ် နှင့်အညီ ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

မိမိတို့တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်မှု မပြိုကွဲ ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဆိုသည့် ဒို့တာဝန် အရေး ၃ ပါးကို အမျိုးသားရေး မူဝါဒအဖြစ် ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အတွက် အသက်ပေး တာဝန် ထမ်းဆောင်ရန် ပြိုင်တူ သစ္စာဆိုထားသူများဖြစ်သည့်အတွက် ပေးအပ်လာ သည့် တာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာ ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာ သည့် တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် တစ်ခုတည်းသော တပ်မတော်ဖြစ်သည့် အတွက် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမည့်အပြင် ပြည်သူများ၏ နေ့စဉ် လူမှုဘ၀ လုံခြုံရေး ကိုပါ ဘက်ပေါင်းစုံက ကူညီဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် နိုင်ငံတစ်နိုင်ငံအတွက် လိုအပ်သည့် အရင်းအမြစ် ကောင်းများ ပေါကြွယ်ဝ သည့် နိုင်ငံဖြစ်သော်လည်း ငြိမ်းချမ်းရေး အရင်းအမြစ်ကောင်းများ လိုအပ်နေဆဲဖြစ်သည်မှာ အားလုံးလက်ခံရမည့် ပကတိအရှိတရားဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူ လူထုများ၏ အကျိုးစီးပွားတစ်ခုတည်းကိုသာ ရှေးရှုပြီး ခေတ်အဆက်ဆက် တောက်လောင် ခဲ့ရသည့် လက်နက်ကိုင်ပဋိပက္ခကို အပြီးတိုင် ငြှိမ်းသတ်ပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော၊ စည်းလုံးညီညွတ်သော နိုင်ငံတော်အသစ်ကို ပြည်သူ့ဆန္ဒနှင့်အညီ တည်ဆောက်သွားကြရမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် တဒင်္ဂ ငြိမ်းချမ်းရေး၊ တဒင်္ဂပြဿနာများ ပြေငြိမ်းရေးကိုသာ ဦးတည်ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ထာဝရ ငြိမ်းချမ်းရေးရရှိ အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း NCA လမ်းကြောင်း အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ NCA စာချုပ်သည် လက်နက်ကိုင်လမ်း စဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်စနစ်ကို အခြေခံသည့် စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်စေရန် လမ်းခင်းပေးထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် NCA အပေါ် တွင်သာ ရပ်တည်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်ရေး၊ တိုင်ရင်းသားပြည်သူ လူထုက လိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေး ကို ပြည်သူ့လက်သို့ အရောက် ပေးအပ် နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိသည် ဆိုသည်ကို ပြောကြားလိုကြောင်း။

▲▲ခေါင်းဆောင် ကောင်းများဖြစ်ရန် ဆက်လက်ကြိုးပမ်း▲▲

ဆက်လက်၍ တပ်မတော်နှင့် အမိစစ်တက္ကသိုလ်၏ ကောင်းမြတ်သည့် အစဉ် အလာများကို စောင့်ထိန်းပြီး တာဝန်ကျေပွန်သည့် ယုံကြည်အားထားရသည့် အရာရှိ ကောင်းများဖြစ်လာရန် ကြိုပမ်းဆောင်ရွက်သွားကြရန်၊ အမိတက္ကသိုလ်တွင် လေ့လာ ဆည်းပူးခဲ့သည့် ပညာရပ်များကို အခြေခံပြီး ခေတ်နှင့်အညီ ပြောင်းလဲနေသော စစ်နည်း ဗျူဟာ၊ အတတ်ပညာ၊ အသိပညာများ ကို စဉ်ဆက်မပြတ်လေ့လာကြရန်၊ တပ်မတော်၏ ကောင်းမွန်သော အစဉ်အလာများကို စောင့်ထိန်းပြီး ခေါင်းဆောင်မှု အင်္ဂါရပ်(၁၆) ရပ်နှင့်အညီ ခေါင်းဆောင်မှု အရည်အသွေး ပြည့်ဝ စွာဖြင့် မိမိကွပ်ကဲအုပ် ချုပ်ရသည့် လက်အောက် ကို စည်းလုံးညီ ညွတ်ပြီး စွမ်းရည်ရှိအောင် ကွပ်ကဲကြရန်၊ တပ်တွင်းစည်းရုံးရေးသာမက၊ တပ်ပြင်စည်းရုံးရေးကိုပါ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသ၍ ကြိုးစားဆောင်ရွက်ခြင်းဖြင့် တပ်မတော်၏ဂုဏ်ကို ထွန်းတောက်အောင် ဆောင်ရွက်ကြ ရန်နှင့် အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ကာကွယ် ထိန်းသိမ်းပြီး အနာဂတ် ကာလတွင် နိုင်ငံတော်နှင့်တပ်မတော်အတွက် အားကိုးရသည့် ခေါင်းဆောင် ကောင်းများ ဖြစ်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် လို ကြောင်းဖြင့် ပြောကြား သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်း ကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

▲▲ဂုဏ်ပြုအမှာစကား ပြောကြား▲▲

စစ်ရေးပြ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် စစ်တက္ကသိုလ် ကျောင်းဌာနချုပ်၊ ဧည့်ခန်း မ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၅ ဦးနှင့် ၎င်းတို့၏မိဘများ အား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(သတင်းစဉ်)

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

HOT NEWS
January 4,