တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 20, 2025
နေပြည်တော် နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ် အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူ ၃၆၄ ဦးအား နယ်မြေခံတပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၇၆ ဦး၊ ခွဲစိတ်ရောဂါ ၃၃ ဦး၊ သားဖွားမီးယပ်ရောဂါ ၁၀ ဦး၊ ကလေးရောဂါ ၁၅ ဦး၊ အရိုးရောဂါ ၆၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၆ ဦး၊ မျက်စိရောဂါ ၁၂၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ ၁၀ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၂၄ ဦး၊ အာထ ရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၀ ၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၄၁ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဒေသခံပြည်သူများ၏ ဆေးဝါးကုသမှုခံယူနေမှုများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး ဆေးကုသမှုခံယူကြသည့် ဒေသခံပြည်သူများ အဆင်ပြေစေရန်အတွက် မော်တော်ယာဉ်များဖြင့် အကြို/ အပို့ဆောင်ရွက်ပေးသည့်အပြင် နံနက်စာ ကျွေးမွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိခဲ့ရပါသည် -
၁။ ကျွန်မခါးနာနေလို့လာပြတာပါ။ ပထမတော့ နည်းနည်း နာတာပေါ့။ အလုပ်လုပ်နေတဲ့အခါကျတော့ ခါးကကြာလာရင် တအားနာလာတယ်။ အခုနယ်လှည့်ဆေးကု သံလွင်သင်္ဘောကြီး ရောက်နေတယ်ဆိုတာ သိရတယ်။ ဆေးဗိုလ်ကြီးတွေ၊ ပါရဂူကြီးတွေလည်း ပါတယ်ဆိုတော့ ခါးနာတာ လာပြတာပါ။ သင်္ဘောကြီးနဲ့ပါလာတဲ့ ပါရဂူကြီးတွေ၊ တပ်ဆေးရုံက ဆရာဝန်တွေပေါ့နော်။ ပြီးလို့ရှိရင် နိုင်ငံတော်အကြီးအကဲတွေ အခုလိုမျိုး စားစရာ သောက်စရာတွေ အပြည့်အစုံနဲ့ ထမင်းဘူးတို့ ရေတို့ကအစ ဘာမှကြည့်စရာမလိုအောင် လုပ်ပေးတဲ့အတွက် အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မတို့လိုမျိုးလာပြတဲ့ လူနာတွေအကုန်လုံးကို လိုလေသေးမရှိ အကုန်ပြီးပြည့်စုံအောင် လုပ်ပေးတဲ့အတွက် အားလုံးကျန်းမာချမ်းသာပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။
၂။ မျက်လုံးကြည့်ရတာ အဆင်မပြေလို့လာပြတာ ဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ညီမတို့ ဆေးခန်းသွားပြရင် သွားရေးလာရေး အဆင်မပြေတာတွေ ဖြစ်တယ်။ အခုလိုမျိုး ရေယာဉ်နဲ့လာပြီး ကုပေးတဲ့အတွက် ညီမတို့လည်း အဆင်ပြေတယ်။ လာရောက်ကုသပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
သတင်းစဉ်
