တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို အမရပူရမြို့နယ် နတ်ရေကန်ငါးလုပ်ငန်းစခန်း ကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို အမရပူရမြို့နယ် နတ်ရေကန်ငါးလုပ်ငန်းစခန်း ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 09, 2022
image_latest


မန္တလေး ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အမရပူရမြို့နယ်ရှိ နတ်ရေကန်ငါးလုပ်ငန်းစခန်းကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးကဘဏ္ဍာနှစ်အလိုက် ငါးသားပေါက်လျာထားချက်နှင့်ထုတ်လုပ်နေမှုအခြေအနေများနှင့် အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုး သားပေါက်သင်တန်း ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နတ်ရေကန် ငါးလုပ်ငန်းစခန်းသည် အထက်မြန်မာပြည်တွင် အကြီးဆုံးဖြစ်သည့်အတွက် လျာထားချက်နှင့် ဟန်ချက်ညီအောင် ကြိုးစားစေလိုကြောင်း၊ ငါးကန်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို တင်ဒါစည်းမျဉ်းစည်းကမ်း နှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ငါးသားပေါက်များကို ပုဂ္ဂလိကသို့ ဈေးနှုန်းချိုသာစွာ ရောင်းချဖြန့်ဖြူးနိုင်ရေးတို့ကို မှာကြား ပြီး ငါးလုပ်ငန်းစခန်းအတွင်း ကြည့်ရှုစစ်ဆေးသည်။

နတ်ရေကန်ငါးလုပ်ငန်းစခန်းကို ၁၉၇၃-၁၉၇၄ ဘဏ္ဍာနှစ်မှစ၍ မြန်မာ့ရေလုပ်ငန်းက အာရှဖွံ့ဖြိုးရေး ဘဏ်၏အကူအညီဖြင့် ငါးမွေးမြူ ရေးစီမံကိန်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပြီး သက်တမ်း အားဖြင့် ၄၈ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ နတ်ရေကန်ကျေးရွာအနီး ဧရိယာအကျယ် အဝန်း ၁၅၈ ဒသမ ၂၄ ဧကရှိပြီး ငါးမွေးကန် ၃၃ လုံး၊ ရေပြင်ဧရိယာ ၈၄ ဒသမ ၄၀ ဧကရှိပြီး အဆင့်မြင့်ငါးမွေးမြူခြင်း စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,