ဒုတိယမြို့တော်ဝန်ဦးညီညီ ဒလမြို့နယ်နှင့် တွံတေးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ဒုတိယမြို့တော်ဝန်ဦးညီညီ ဒလမြို့နယ်နှင့် တွံတေးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 24, 2024

ရန်ကုန် ဧပြီ ၂၃
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက တွံတေးမြို့နယ် တွံတေး-ဒလ ကားလမ်းပေါ်ရှိ ရန်ကုန်ပေါက်ကျေးရွာအနီး ဒလမြို့နယ် ရေပေးဝေရေးစခန်းသို့သွားရောက်၍ 330 kW Solar Power Plant (PV System) ဆောင်ရွက်ထားရှိမှု၊ Nano Filter ရေသန့်စင်မှုစနစ်ဖြင့် သုတေသနဆောင်ရွက်နေမှု၊ ရေတွန်းစက်ရုံ၊ ဂါလန်တစ်သိန်းဆံ့ ရေစုကန်နှစ်ကန်နှင့် ရေသန့်စင်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းသည် အကျယ် ၁၀ ဒသမ ၇ ဧကပေါ်၌ ၁၂ လက်မ အဝီစိတွင်း လေးတွင်း၊ ၁၀ လက်မ အဝီစိတွင်းရှစ်တွင်း၊ ရှစ်လက်မ အဝီစိတွင်းတစ်တွင်းနှင့် ၁၀ လက်မ မိုးရေစုတွင်း ခုနစ်တွင်း စုစုပေါင်းအဝီစိတွင်း ၂၀ တို့မှ ရေဂါလန် တစ်သိန်းဆံ့ ရေစုကန်သို့ပေးပို့ပြီး ၎င်းမှတစ်ဆင့် ရေတွန်းစက်လေးလုံးဖြင့် ဒလမြို့နယ်သို့ နေ့စဉ် ရေဂါလန်တစ်သန်းခွဲ ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုမှတစ်ဆင့် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်ပေါက်ကျေးရွာအနီး ကျိုက်သလဲရေနက်ကွင်းရှိ တွံတေးငါးမွေးမြူရေးစခန်းသို့ သွားရောက်၍ မြေဧရိယာ ၁၀၉ ဒသမ ၉၃ ဧကပေါ်၌ ဒလမြို့နယ် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ (Final Disposal Site - FDS) တည်ဆောက်ရေးစီမံကိန်းအတွင်းရှိ ကန်ညီနောင်ချောင်းအား Skew Type သံကူကွန်ကရစ်တံတား တည်ဆောက်မှုလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်