ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဆန်စပါးအမျိုးအစားနှင့် အရည်အသွေးတို့ကို AI ဖြင့် စိတ်ဖြာတိုင်းတာသည့် သုတေသနလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဆန်စပါးအမျိုးအစားနှင့် အရည်အသွေးတို့ကို AI ဖြင့် စိတ်ဖြာတိုင်းတာသည့် သုတေသနလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 23, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇန်နဝါရီ ၁၈ ရက်က ဗဟန်းမြို့နယ်ရှိ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး ဒေါက်တာ နေဇာအောင်နှင့် ဆရာ ဆရာမများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းဖွင့်လှစ်လျက်ရှိသည့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုနည်းပညာသင်တန်းမှ သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ပြည်သူလူထု၏ စားရေရိက္ခာ ဖူလုံရေးအတွက် ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးရေး အမှန်တကယ်အကျိုးပြုနိုင်သည့် နည်းပညာရှင်များဖြစ်စေရေး အလေးထား ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားပြီး နည်းပညာစာအုပ်များ ပေးအပ်ကာ ဆန်စပါးအမျိုး အစားများနှင့် အရည်အသွေးတို့ကို AI ဖြင့် စိတ်ဖြာတိုင်းတာသည့် သုတေသနလုပ်ငန်း ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီး သည် စင်ကာပူ-မြန်မာသက်မွေးပညာသင်ကျောင်း (SMVTI) သို့ ရောက်ရှိပြီး အမှုထမ်းရာထူးများ ခန့်ထားရေးအတွက် ရေးဖြေစာမေးပွဲဖြေဆိုနေမှု၊ အင်ဂျင်နီယာ ဘာသာရပ်ဌာနများရှိ အလုပ်ရုံများ၊ ဟိုတယ်နှင့် ခရီးသွားဘာသာရပ်သင်တန်းများအတွက် လက်တွေ့လုပ်ငန်းခွင်များအတိုင်း ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး MSME ဖွံ့ဖြိုးရေး အထောက်အကူပြု နည်းပညာရှင်များကို အရည်အသွေး စံနှုန်းပြည့်မီစွာ စဉ်ဆက်မပြတ် မွေးထုတ်ရန်နှင့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိရေးအတွက် ထိရောက်မြန်ဆန်စွာ အကျိုးပြုနိုင်မည့် အသက်မွေးဝမ်းကျောင်းကာလတိုသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာ အထက်တန်းကျောင်း (ရွာမ) ရှိ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အင်ဂျင်နီယာဘာသာရပ်အလိုက် လက်တွေ့ခန်းများ၊ အလုပ်ရုံများ၊ သုတေသနလုပ်ငန်းများနှင့် စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးကာ စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်