ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်/ကန်များ ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်/ကန်များ ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 22, 2024
နေပြည်တော် ဒီဇင်ဘာ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်ရှိ ကန်တော်လေးရေလှောင်ကန် ရေသိုလှောင်ထားရှိမှုအခြေအနေများ၊ ကန်ပေါင်နှင့် ဆက်စပ်အဆောက်အအုံများ နှစ်အလိုက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှု၊ ကန်တော်ကြီးရေလှောင်ကန်ပေါင်နှင့် ရေပိုလွှဲကြံ့ခိုင်မှုအတွက် ဝင်ရေ/ ထွက်ရေ ထိန်းညှိစီမံဆောင်ရွက်မည့်အခြေအနေများ၊ ရေပိုလွှဲကြံ့ခိုင်မှုအခြေအနေ၊ တည်ဆောက်သင့်သည့် အကူရေပိုလွှဲ တည်ဆောက်ရန် လျာထားနေရာကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒိုးကွင်ရေလှောင်တမံသို့ ရောက်ရှိရာ ရေလှောင်တမံ၊ ပင်မရေပိုလွှဲ၊ အကူရေပိုလွှဲကြံ့ခိုင်မှုအခြေအနေများ၊ ရေထုတ်ပြွန်၊ ရေပေးမြောင်းမှ သောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေမှုကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့် လျှော်မျှင်ထွက် သီးနှံဌာနခွဲ ပိုးချည်စက်ရုံ (ပြင်ဦးလွင်) သို့ရောက်ရှိကာ ပိုးချည်ထုတ်လုပ်ခြင်း၊ ပိုးတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ၊ နည်းပညာပေးခြင်းများ ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားကာ ပိုးချည်ရစ်စက်များ အသုံးပြု၍ ပိုးချည်ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မန္တလေးတူးမြောင်းမကြီး ပေတိုင် ၁၉၉၅၀၀ နှင့် ပေတိုင် ၂၀၆၅၀၀ ကြား သဲနုန်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောက်ဆည်မြို့နယ် နောင်ခမ်းကျေးရွာအနီးရှိ နောင်ခမ်းရေလွှဲဆည်သို့ရောက်ရှိကာ ဒုတိယဝန်ကြီးက ထိခိုက်ပျက်စီးခဲ့မှုများကို ရေပေးရာသီအမီ အမြန်ဆုံး ပြန်လည်ပြုပြင်ဆောင်ရွက်သွားကြရန်၊ ရေစီမံခန့်ခွဲမှုများကိုလည်း စနစ်တကျထိန်းညှိစီမံဆောင်ရွက်သွားကြရန်၊ ဒေသတွင်းအကျိုးကျေးဇူးများသည့် ရေသောက်စနစ်တစ်ခုဖြစ်သည့်အတွက် နောင်ရေရှည်တည်တံ့အောင် ထိန်းသိမ်းစီမံဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး လုပ်ငန်းခွင်အတွင်း ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ကျောက်ဆည်မြို့နယ် သံရွာအနီးရှိ ငပြောင်ရေလွှဲဆည်သို့ ရောက်ရှိစဉ် ရေကျော်တိုက်စားပျက်စီးခဲ့သည့် ရေလွှဲဆည်ကြမ်းခင်းများ ပြန်လည်ပြုပြင်ခြင်း၊ ရေလွှဲဆည်အောက်ပိုင်း လက်ဝဲနှင့် လက်ယာဘက်ခြမ်းတွင် ပျက်စီးနေသော ကျောက်ဆလံများ ပြန်လည်ပြုပြင်ခြင်း၊ ငပြောင် မြောင်းထိပ်ရေတံခါးနှင့် ရေတံခါး၏ လက်ယာဘက်ခြမ်း ဇော်ဂျီမြစ် မြေသားတာပေါင်အား တောင့်တင်းခိုင်မာအောင် ပြန်လည်ပြုပြင်ခြင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်