ဒုတိယဝန်ကြီး ဦးမြင့်စိုး ရေကြည်မြို့နယ်၊ စိုက်ပျိုးရေးသမဝါယမအသင်းများ၏ နွေစပါးရိတ်သိမ်းမှု ကြည့်ရှုအားပေး
ဒုတိယဝန်ကြီး ဦးမြင့်စိုး ရေကြည်မြို့နယ်၊ စိုက်ပျိုးရေးသမဝါယမအသင်းများ၏ နွေစပါးရိတ်သိမ်းမှု ကြည့်ရှုအားပေး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / May 05, 2025

နေပြည်တော် မေ ၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီ တိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုက်စက်သင်တန်း ဖွင့်လှစ်လျက်ရှိသော ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့ နယ်၊ မီးသွေးတိုက်အနောက်ကျေးရွာသို့ ယနေ့နံနက်ပိုင်းက သွားရောက်၍ သင်တန်းဆရာမများ၊ သင်တန်းသူများနှင့် တွေ့ဆုံကာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဒေသခံပြည်သူ များအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်း လင်းပြောကြားပြီး သင်တန်းဆရာမများနှင့် သင်တန်းသူများကို လိုက်လံအားပေးကြည့်ရှုခဲ့သည်။
အဆိုပါသင်တန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းနည်းပြဆရာမများဖြင့် ကျေးရွာအုပ်စု (၅) အုပ်စု၊ ကျေးရွာ (၉) ရွာတို့မှ သင်တန်းသူ (၂၀) ဦးအား မေလ (၂) ရက်နေ့မှ ဇွန်လ (၁၅) ရက်နေ့ထိ ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆိပ်ဖူးနီကျေးရွာသို့ သွားရောက်ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် မိသားစု ဝင်ငွေတိုးရေးစီမံကိန်းအရ ဖွင့်လှစ်ပေးခဲ့သော ဆိုင်ကယ်ပြင်သင်တန်း တက်ရောက်အောင်မြင်ပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသော ဦးကောင်းမြတ်ကျော်၏ ‘ကောင်း’ ဆိုင်ကယ်ပြုပြင်ရေး လုပ်ငန်းနှင့် ဦးသန့်ဇင်ဦး၏ ‘သန့်ဇင်ဦး’ ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းတို့ကို ကြည့်ရှုအားပေးခဲ့သည်။ ၎င်းဆိုင်ကယ်ပြင်ဆိုင်များအနေဖြင့် တစ်လအပိုဝင်ငွေ ကျပ် ၃ သိန်းခန့် ရရှိနေပြီး အဓိကအသက် မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာလည်း ၁ ဧက တင်း ၁၀၀ ကျော် ထွက်ရှိသည့် အထွက်တိုးစပါးမျိုးများ စိုက်ပျိုးကြကြောင်း သိရသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ရေကြည်မြို့နယ်၊ ကညင်ငူကျေးရွာသို့ သွားရောက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကညင်ငူ-နွားရေတိုက်-ငါးတဲစု ကျေးရွာချင်းဆက်လမ်း အရှည် (၃) မိုင် (၄) ဖာလုံအနက် (၃) ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် ကွန်ကရစ်လမ်း (၂) ဖာလုံအား အချိန်မီပြီးစီးရေး ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တစ္ဆေချောင်းရွာမှ အနောက်ဖက်ရှိ ကျေးရွာ (၇) ရွာသို့ ဖြတ်သန်းသွားလာနိုင်သော တဘူးချောင်း လူကူးတံတားကို မော်တော်ဆိုင်ကယ်များပါ ဖြတ်သန်း သွားလာနိုင်အောင် ပြုပြင်တည်ဆောက်ပေးရန် လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဆီဆံကုန်းကျေးရွာသို့ သွားရောက်၍ ဆင်းဧကရီ စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ၏ GW-11 စပါးမျိုး (၂၂) ဧက၊ ဆာဖိုးသာစပါးမျိုး (၈) ဧက၊ စုစုပေါင်းဧက (၃၀) စိုက်ပျိုးထားမှုကို ကြည့်ရှုခဲ့သည်။ အဆိုပါ စိုက်ဧကများထဲမှ တောင်သူဦးလှနိုင်စိုး၏ ဆာဖိုးသာစပါးမျိုး (၈)ဧကကို ယနေ့ရိတ်သိမ်းခြွေလှေ့ ခဲ့ရာ (၁) ဧကလျင် အစိုတင်း (၁၅၁) တင်း ရရှိခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ ဧရာဝတီတိုင်း ဒေသကြီး ဂုဏ်ဒြပ်တစ်ခုဖြစ်သော ပေါ်ဆန်းစပါးမျိုး အောင်မြင်ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင် ရွက်ကြရန်၊ စိုက်ပျိုးရေးသမဝါယမအသင်းများအနေဖြင့် အထွက်တိုးစပါးမျိုးများ စိုက်ပျိုး၍ ပန်းတိုင် အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဆီထွက်သီးနှံ မိုးမြေပဲနှင့် နေကြာတို့ကိုလည်း အောင်မြင်အောင် စိုက်ပျိုးကြရန် တိုက်တွန်းမှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။