ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ ကွင်းဆင်းကြည့်ရှု
ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ ကွင်းဆင်းကြည့်ရှု
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 01, 2025

နေပြည်တော် ဇွန် ၃၀
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇွန် ၂၈ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)ရှိ ဓာတ်အားခွဲရုံ၊ ကုန်ထုတ်ဌာန၊ စတီးအနားကွပ်ဌာန၊ စတီးအရောင်တင်ဌာနတို့ ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဆေးဝါးစက်ရုံ (အင်ရောင်း)ရှိ သွေးကြောသွင်းဆေးရည်ထုတ်လုပ်ရေး(၂) ဌာနအဆောက်အအုံ ပြန်လည်ပြင်ဆင်နေမှုနှင့် ထိုးဆေးထုတ်လုပ်ရေးဌာနတွင် ထိုးဆေးများ ထုတ်လုပ်နေမှုတို့ကို လည်းကောင်း၊ ကျောက်ဆည်စက်မှုနယ်မြေရှိ အမှတ်(၃၃) အကြီးစားစက်ရုံ(ကျောက်ဆည်) မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှု၊ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ဇွန် ၂၉ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ အမှတ်(၇)အထည်စက်ရုံ (မြစ်သား) မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှု၊ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုနှင့် စက်ရုံအတွင်း ကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဝမ်းတွင်းမြို့နယ်ရှိ အမှတ်(၇)အထည်စက်ရုံခွဲ (ဝမ်းတွင်း)၌ စက်ရုံမှူး၊ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပျော်ဘွယ်မြို့နယ်ရှိ အမှတ်(၈)အထည်စက်ရုံ(ပျော်ဘွယ်) ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရမည်းသင်း မြို့နယ်ရှိ အမှတ်(၈)အထည် စက်ရုံခွဲ(ရမည်းသင်း) ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံအလိုက် လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်