ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ Video Conferencing စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြား

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ Video Conferencing စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြား


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 03, 2020
image_latest


နေပြည်တော် ဒီဇင်ဘာ ၃

၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ Video Conferencing စနစ်ဖြင့် တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ကော်မတီဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ကိုကိုနိုင်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စု ဝန်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ မသန်းစွမ်းသူများအသင်းချုပ်၊ ရင်ခွင့်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီး များနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်း၊ ကျား/မရေးရာ တန်းတူညီမျှရေး ကွန်ယက်နှင့် အမျိုးသမီးအဖွဲ့အစည်းများ ကွန်ယက်တို့မှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ အဖွဲ့အစည်း အသီးသီးမှ ဌာနေကိုယ်စားလှယ်များ၊ မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီဝင်များ၊ ပြည်တွင်း၊ ပြည်ပလူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မသန်စွမ်းကျောင်းများနှင့် မသန်စွမ်း အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့် ဖိတ်ကြားထားသူများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ က ယခင်နှစ်များက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ကြောင့် ယခုကဲ့သို့ Video Conferencing ဖြင့် အခမ်းအနားကို ကျင်းပ ရခြင်းဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့် အညီ မသန်စွမ်းသူများက လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုဆောင်ရွက်နိုင်ခဲ့ခြင်းများကို ကျေးဇူးပြုသည့်အနေဖြင့်သာမက လက်ရှိမသန်စွမ်းသူများသည် လူ့အဖွဲ့အစည်း အတွင်း အများနည်းတူ စွမ်းဆောင်နိုင်စွမ်းရှိခြင်း၊ အသုံးဝင်တန်ဖိုးရှိခြင်းများကို အသိအမှတ်ပြုသည့်အနေဖြင့်ပါ အခမ်းအနားများကို ၁၉၉၄ ခုနှစ်မှ စ၍ နှစ်စဉ်ကျင်းပ လာခြင်းဖြစ်ပါကြောင်း။

၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ရှေ့ပြေးရလဒ်များအရ မြန်မာနိုင်ငံရှိ မသန်စွမ်းမှု အခြေအနေများကို ဖော်ပြရာတွင် မျက်မှန်တပ်သည့် တိုင်အောင် အမြင်ခက်ခဲခြင်းမှာ ၆ ဒသမ ၃ ရာခိုင်နှုန်း၊ နားကြားကိရိယာ တပ်ထား သည့်တိုင်  အကြားခက်ခဲခြင်းမှာ ၂ ဒသမ ၄ ရာခိုင်နှုန်း၊ လမ်းလျှောက် နှင့် လှေခါး တက်ရာတွင် ခက်ခဲခြင်းမှာ ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မှတ်ဉာဏ်နှင့် သင်ယူလေ့လာရာ တွင် ခက်ခဲခြင်းမှာ ၄ ဒသမ ၄ ရာခိုင်နှုန်း၊ မိမိကိုယ်ကို စောင့်ရှောက်ရာတွင် (တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အဝတ်အစား ဝတ်ဆင်ရာ တွင်) ခက်ခဲခြင်းမှာ ၁ ဒသမ ၉ ရာခိုင်နှုန်း၊ အခြားသူများနှင့် ဆက်သွယ်ရာတွင် ခက်ခဲခြင်းမှာ ၁ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ကို သိရှိရပါကြောင်း။

နိုင်ငံတော်အနေဖြင့် အခုကဲ့သို့ COVID-19 ကပ်ရောဂါ ကြုံတွေ့နေရသည့် အချိန်ကာလအတွင်း ၂၀၃၀ အစီအစဉ်၏ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးမူနှင့်အညီ အနာကြီး ရောဂါသည်များ အပါအဝင် မသန်စွမ်းသူအားလုံး အကျုံးဝင်ပါဝင်ခံစားရရှိရန် ရည်ရွယ်၍ COVID-19 Economic Relief Plan (CERP) အရ မသန်စွမ်းသူများ COVID-19 အရေးပေါ်တုံ့ပြန်ရေးပူးပေါင်း ကော်မတီ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ရင်းနှီးစွာ ပူးပေါင်းပြီး ထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဆက်လက် ထောက်ပံ့ဆောင်ရွက်ကြရန်လည်း အလေးအနက်ထား တိုက်တွန်းပြောကြားလိုပါ ကြောင်း။

မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော လူ့အဖွဲ့အစည်းဖြစ်စေရန် Barrier Free Community ဆိုင်ရာ ကနဦးစီမံကိန်းများကို နေပြည်တော် မြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့၌ စံနမူနာပြ ဆောင်ရွက်ထားရှိပြီးဖြစ်၍ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ဆောင်ရွက်နိုင်ရန် တိုက်တွန်းလို ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ခရီးစဉ် ဒေသများတွင် ပါဝင်သော နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပုဂံမြို့တို့ရှိ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော ဦးစားပေး နေရာများ၌ မသန်စွမ်း သူများအနေဖြင့် အတားအဆီး ကင်းမဲ့စွာ သွားလာနိုင်ရေး ရှေ့ပြေးစီမံကိန်း (Myanmar Barrier Free Tourism Pilot Project)ကို ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၁၄)ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ပို၍ကောင်းမွန်သော အစီအစဉ်သစ်များကို ကြုံတွေ့ ခံစားနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း။

မသန်စွမ်းမှုကို လူ့အခွင့်အရေးစာချုပ်စာတမ်းများ၏ အစိတ်အပိုင်းတစ်ရပ် အဖြစ် ခိုင်ခိုင်မာမာ သက်သေထူနိုင်ရန် (၆၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention on the Rights of Persons with Disabilities- UNCRPD) ကို ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်က အတည်ပြု ချမှတ်ပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်က မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု လက်မှတ်ရေးထိုး ခဲ့ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံသည် အာရှ ပစိဖိတ်ဒေသတွင်း နိုင်ငံလည်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံလည်းဖြစ်သည့် အတွက် အာရှနှင့် ပစိဖိတ်ဒေသ  မသန်စွမ်းသူများဆိုင်ရာ အင်ချွန်း မဟာဗျူဟာ (၂၀၁၃-၂၀၂၂)နှင့် ASEAN Enabling Master Plan (2025) တို့ကို လိုက်နာ အကောင်အထည်ဖော်နိုင်ရန် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်အဖွဲ့အစည်း များ၊ မသန်စွမ်းသူများ၏ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း လက်တွဲဆောင်ရွက်လျက် ရှိပါကြောင်း။

အင်ချွန်းမဟာဗျူဟာအရ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူ များ မှတ်ပုံတင်ခြင်း ဆိုင်ရာ ကနဦးစီမံကိန်းများကို ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ နယ်၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်ကာလ ပုံစံသစ်အဖြစ် Remote Assessment နှင့် Digitalization နည်းလမ်းများဖြင့် ယခုနှစ်ကုန်အပြီး ကရင်ပြည်နယ်တစ်ခုလုံး လွှမ်းခြုံနိုင်ရေးအတွက် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အတည်ပြုလက်မှတ်ရေးထိုးခဲ့သော ကွန်ဗင်းရှင်းနှင့် အညီ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂၀၁၅)နှင့် နည်းဥပဒေများ(၂၀၁၇) တို့ကို ပြဋ္ဌာန်းခဲ့သည့်အတွက် မသန်စွမ်းသူများ၏ ဘဝအရည်အသွေး မြှင့်တင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပိုမိုအောင်မြင်မှုရရှိလာခဲ့ပါကြောင်း၊ ထင်ရှားသည့် ဆောင်ရွက်မှုများမှာ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်း၊ နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကော်မတီများဖွဲ့စည်းခြင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ရန် ဆပ်ကော်မတီ (၉)ခု ဖြစ်သည့် ကျန်းမာရေး ဆပ်ကော်မတီ၊ ပညာရေး ဆပ်ကော်မတီ၊ အလုပ်အကိုင်ရေးရာ ဆပ်ကော်မတီ၊ သုတေသန ဆပ်ကော်မတီ၊ စောင့်ကြည့် အကဲဖြတ်ဆပ်ကော်မတီ၊ မသန်စွမ်း အမျိုးသမီးနှင့်ကလေးသူငယ်များရေးရာ ဆပ်ကော်မတီ၊ သဘာဝဘေးနှင့် အခြားအရေးပေါ် အခြေအနေဆိုင်ရာ  ဆပ်ကော်မတီ၊ တရားမျှတမှုရရှိနိုင်ရေး ဆပ်ကော်မတီနှင့် သတင်းအချက် အလက် နည်းပညာနှင့် လွယ်ကူစွာသွားလာနေထိုင် အသုံးပြုနိုင်ရေးဆပ်ကော်မတီ ဖွဲ့စည်းခြင်းတို့ ဖြစ်ပါကြောင်း။

ASEAN Enabling Master Plan (2025) ကိုထိရောက်အောင် ဆက်လက် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(၂၀၁၈-၂၀၃၀)၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များနှင့်အညီ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေး နှင့် အခြားအရေးပေါ်အခြေအနေ၊ အလွယ်တကူ လက်လှမ်းမီ ရယူအသုံးပြုနိုင်ရေး စသည့် လျာထားအခန်းများ ပါဝင်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ် စီမံကိန်းမူကြမ်းကို ၂၀၂၀ပြည့်နှစ် အကုန်တွင် အတည်ပြုနိုင်ရန် Technical Core Group က ဦးဆောင်၍ ဆပ်ကော်မတီ (၉)ခုက တာဝန်ရှိသူများ နှင့်အတူ မူကြမ်းရေးဆွဲဆောင်ရွက်နေပြီဖြစ်ပြီး ယင်းအတွက် ဝမ်းမြောက်ဂုဏ်ယူ မိပါကြောင်း။

အနာဂတ်ကာလတွင် မသန်စွမ်းသူများအတွက် အတားအဆီးကင်းသည့်  လူ့အဖွဲ့ အစည်းတစ်ရပ် ဖန်တီးဆောင်ရွက်ပေးခြင်းသည် မသန်စွမ်းသူများ၏ဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ပြည့်မီစေခြင်းလည်း ဖြစ်ပါကြောင်း၊ မသန်စွမ်း သူများအတွက် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ ကိုယ်တိုင်ပူးပေါင်းပါဝင်မှုကိုလည်း အသိအမှတ်ပြု ကျေးဇူး တင်ရှိပါကြောင်း။

ယခုနှစ်ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “Building Back Better: toward a disability-inclusive, accessible and sustainable post COVID-19 World” “ပိုမိုကောင်းမွန်သည့် COVID-19 အလွန်ကမ္ဘာ တည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ပြီး ရေရှည် တည်တံ့စေရန် ကြိုးစားစို့” နှင့်အညီ COVID-19 ကာလအတွင်း မသန်စွမ်း သူများကို ဆက်လက် ထောက်ပံ့နိုင်ရေး၊ မသန်စွမ်းသူများအတွက် အရင်း မပျောက် မတည်ရန်ပုံ ငွေ(၃) ဘီလီယံဖြင့် မသန်စွမ်းသူများ၏ ဘဝအခြေအနေ မြင့်မားတိုးတက်စေရေး၊ COVID-19 ကာလအတွင်း စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အကူအညီပေးရေး၊ Case Management လုပ်ငန်းများမှတစ်ဆင့် ကာကွယ် စောင့်ရှောက်ရေးနှင့် UNCRPD ကော်မတီက ပေးပို့လာသော Conclusion Observation များကို ထိထိရောက်ရောက် စီမံဆောင်ရွက်နိုင်ရေးတို့အတွက် အသေအချာ အကောင်အထည်ဖော် ဆောင်ရွက်ကြပါဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့် ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် သဝဏ်လွှာကို United Nations Resident and Humanitarian Coordinator, Mr. Ola Almgren က ဖတ်ကြားသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် မှတ်တမ်း ဗီဒီယိုကို  ပြသသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဂုဏ်ပြုစကား ပြောကြားပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိကြသူများကို ကြေညာသည်။

မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ၁၉၉၄ ခုနှစ်မှစတင်၍ နှစ်စဉ် အစဉ်အလာမပျက် ကျင်းပလျက်ရှိရာ ယခု ၂၀၂၀ ပြည့်နှစ်တွင် (၂၇)ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,