နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့ ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကြည်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 07, 2024
image_latest


မြစ်ကြီးနား ဇူလိုင် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါလျှက် ယမန်နေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ သွားရောက်ပြီး မြစ်ကြီးနားခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီး ရေလျှံမှုကြောင့် ဘေးသင့်ခဲ့သူများအားထောက်ပံ့ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ပေးပို့ထားသည့် ကယ်ဆယ်ရေးပစ္စည်းများနှင့်၊ သိုလှောင်ရုံအတွင်းပစ္စည်းများ သိုလှောင်ထားရှိမှု၊ ကယ်ဆယ်ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့သည် မဲခေါင်လန်ချန်းရံပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးစခန်းသို့ ဆက်လက်သွားရောက်ပြီး သင်တန်း ဖွင့်လှစ်ရန် စီစဉ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တို့သည် မြစ်ကြီးနားမြို့ပေါ်ရှိ မြေမြင့်ရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းသို့ သွားရောက်ကာ ဆန်ရိက္ခာ၊ ငါးသေတ္တာဘူး၊ အဝတ်အထည်၊ သွားတိုက်ဆေး၊ သွားတိုက်တံစသည့် ထောက်ပံ့ရေးပစ္စည်းများကိုပေးအပ်ပြီး ရေဘေးသင့်ပြည်သူများ၏ လိုအပ် ချက်များ မေးမြန်းကာ ရင်းရင်းနှီးနှီးနှုတ်ဆက် အား‌ပေးစကားပြောကြားခဲ့ကြပါသည်။

ဆက်လက်ပြီး မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ သာသနာ့ရံသီဘုန်းတော်ကြီးကျောင်းရှိ ရေဘေး ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ကာ စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များ၊ တစ်ကိုယ် ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ကြပါသည်။ ရေဘေးသင့်ပြည်သူများ၏ လတ်တလော စားသောက်နေထိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေတို့ကို မေးမြန်းကာ လိုအပ်သည်များ  ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြပါသည်။

ယင်းနောက် နိုင်ငံတော်ကောင်စီဝင်၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းနှင့် မနောအိမ်တော်တို့သို့ သွားရောက်ကာ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြ ပါသည်။

ထိုမှတစ်ဆင့် မြစ်ကြီးနားတက္ကသိုလ်အတွင်း မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှုကာ ဗလမင်းထင် ဧက(၁၀၀)စံပြစိုက်ကွင်းသို့ ရောက်ရှိကြပြီး ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးထား သော သီးနှံစိုက်ခင်းများ ရေနစ်မြုပ်မှု အခြေအနေနှင့် ပြန်လည်စိုက်ပျိုးရန် စီမံဆောင်ရွက်နေမှုများ နှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ တင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြ‌ကြောင်း သတင်းရရှိပါသည်။

ခရိုင်(ပြန်/ဆက်)