နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဥပဒေအသိပညာပေးဟောပြောပွဲသို့ တက်ရောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဥပဒေအသိပညာပေးဟောပြောပွဲသို့ တက်ရောက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / January 22, 2025
နေပြည်တော်၊ ဇန်နဝါရီ ၂၁
နိုင်ငံ့ဝန်ထမ်းများ ဥပဒေဆိုင်ရာ အခြေခံသဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး စည်းကမ်းရှိသော နိုင်ငံသားများ ဖြစ်စေရန်နှင့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အသီးသီး၌ ပေးအပ်သည့်တာဝန်များကို ဥပဒေနှင့်အညီ စနစ်တကျ ကျေပွန်စွာထမ်းဆောင်နိုင်သော နိုင်ငံ့ဝန်ထမ်းများဖြစ်စေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂) တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ဒုတိယဝန်ကြီးများ၊ ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက “ဥပဒေကို မသိ၍ ပြစ်မှု ကျူးလွန်ခဲ့သည်” ဆိုသော အဖြစ်မျိုးမဖြစ်စေရေးအတွက် နိုင်ငံသားတိုင်း ဥပဒေနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတရရှိစေရေး လိုအပ်သည်ဖြစ်ရာ အခြေခံအားဖြင့် မိမိတို့နိုင်ငံတွင် ပြဋ္ဌာန်းကျင့်သုံးလျက်ရှိသည့် ဥပဒေများအနက် သိသင့်သိထိုက်သော ဥပဒေများ၏ သတ်မှတ်ပြဋ္ဌာန်းချက်များကို မှတ်သားသိရှိနေရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးအဆင့်ဆင့်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့်လည်း သက်ဆိုင်ရာ တည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိလိုက်နာရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဥပဒေဘောင်အတွင်း အေးချမ်းစွာ နေထိုင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဥပဒေအသိရှိသူများပေါ်ထွန်းလာစေရေးတို့အတွက် ဟောပြောမှုများကို အလေးထားမှတ်သား၍ ယနေ့ဟောပြောပွဲမှ ရရှိခဲ့သည့် ဥပဒေဆိုင်ရာ အသိပညာဗဟုသုတများကို မိမိတို့၏ နိုင်ငံနှင့်ဌာနအတွက် လက်တွေ့ကျကျ ကောင်းစွာအသုံးချသွားကြရန်နှင့် “ဥပဒေဘောင်အတွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ ပြည်သာယာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျင့်ကြံနေထိုင်သူများ ဖြစ်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရှိ ဥပဒေအရာထမ်းများမှ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ၊ ရာဇသတ်ကြီးဥပဒေနှင့် ဆက်သွယ်ရေးဥပဒေ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များအပါအဝင် နိုင်ငံသားတိုင်း၊ နိုင်ငံ့ဝန်ထမ်းတိုင်း အခြေခံအားဖြင့် သိသင့်သိထိုက်သည့် ဥပဒေများအကြောင်း ဟောပြောဆွေးနွေးကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။ ဟောပြောပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်းအင်အား ၁၆၀ ခန့် တက်ရောက်ကြပြီး နေပြည်တော်ပြင်ပဌာနများမှ ဝန်ထမ်းများ ၈၀ ဦးက ဗီဒီယိုကွန်းဖရင့်စနစ်ဖြင့် တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန