နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိ
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 14, 2025

နေပြည်တော် စက်တင်ဘာ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ်တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ချာလီသန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စမာကျား၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ လိုက်ပါသွားကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် နန်နင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ကွမ်ရှီးဒေသ CPC ပါတီ ဒုတိယအတွင်းရေးမှူး Mr.Wang Weiping ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။