နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းအထိ သစ်တောဖုံးလွှမ်း စိမ်းလန်းစိုပြည်ရေး
နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းအထိ သစ်တောဖုံးလွှမ်း စိမ်းလန်းစိုပြည်ရေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 26, 2025
မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအကျိုးဆက်များကြောင့် ထိခိုက်နိုင်ခြေမြင့်မားသည့် နိုင်ငံများစာရင်းတွင် ပါဝင်လျက်ရှိသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းများ ဖြစ်ပေါ်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည်ဖြင့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ပြင်းပြင်းထန်ထန်၊ အကြိမ်ရေပိုမိုဖြစ်ပွားလာမှုများ ဖြစ်လာနိုင်သည်။
၂၀၂၄ ခုနှစ် ဧပြီလအတွင်းတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် နေ့အပူချိန်များမြင့်မားခဲ့ရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ချောက်မြို့တွင် နေ့အပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့ပြီး ကမ္ဘာ့အပူချိန်အမြင့်မားဆုံးမြို့ဖြစ်ခဲ့သည်။ မကွေး၊ မင်းဘူး၊ ညောင်ဦး၊ စစ်ကိုင်းမြို့တို့သည်လည်း ကမ္ဘာ့အပူဆုံး ၁၅ မြို့စာရင်းတွင် ပါဝင်ခဲ့သည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင် သစ်ပင်သစ်တောများသည် အရေးပါသည့် ကဏ္ဍတွင် ရှိနေသည့်အလျောက် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းတို့ကို အလေးထားဆောင်ရွက်ရန်လိုသည်။
အာဆီယံနိုင်ငံများအတွင်း မြန်မာနိုင်ငံသည် သစ်တောဧရိယာ ဒုတိယအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂစားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည်။ သစ်တောပြုန်းတီးမှုအနေဖြင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် ၁ ဒသမ ၇ ရာခိုင်နှုန်း ပြုန်းတီးခဲ့သည်။ သို့ရာတွင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း သုညဒသမ ၉ ရာခိုင်နှုန်းသို့ ပြုန်းတီးမှုလျော့ကျသွားခဲ့သည်။
နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုတိုးပွားလာစေရန်၊ သားငှက်တိရစ္ဆာန်များနှင့် ထင်ရှားသည့် ဘူမိရူပထူးခြားသည့် နေရာများကို ထိန်းသိမ်းကာကွယ်ရန် နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် ဖွဲ့စည်းသွားရန် နိုင်ငံတော်က စီမံဆောင်ရွက်လျက်ရှိသည်။ ယခုနှစ် ဇူလိုင်လအထိ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ၁၃၂၄ ခု၊ နိုင်ငံဧရိယာ၏ ၂၅ ဒသမ ၉၄ ရာခိုင်နှုန်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေ ၆၂ ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၃ ရာခိုင်နှုန်း ဖွဲ့စည်းထားနိုင်ခဲ့သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်အတွင်း ကြိုးဝိုင်းတော ၁၄ ခုနှင့် ကြိုးပြင်ကာကွယ်တော ၁၅၆ ခု သတ်မှတ်သွားမည်ဖြစ်သည်ဟု သိရသည်။
ကမ္ဘာပေါ်တွင် လူဦးရေတိုးပွားလာခြင်းနှင့်အတူ သစ်တောများ ပြုန်းတီးခြင်း၊ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးခြင်း အကြောင်းရင်းများကြောင့် ဂေဟစနစ်များ ရေရှည်တည်တံ့ရေးအပေါ် ခြိမ်းခြောက်မှုများ ကြီးမားစွာဖြစ်ပေါ်လျက်ရှိသည်။ သဘာဝဂေဟစနစ်များ ထိန်းသိမ်းရေးဆောင်ရွက်ကြရာတွင် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ခြင်းကို အဓိကအလေးပေးဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံတွင်လည်း အပူပိုင်းဒေသဂေဟစနစ် ပိုမိုကောင်းမွန်လာစေရေး၊ စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုမျှတကောင်းမွန်ရေးအတွက် လမ်းဘေးဝဲယာသစ်ပင်များစိုက်ပျိုးခြင်း၊ ကျေးရွာထင်းစိုက်ခင်းများတည်ထောင်ခြင်းအပါအဝင် ၁၃ ခရိုင်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် လက်ရှိနိုင်ငံသားများနှင့် မျိုးဆက်သစ်များအတွက် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်အမွေအနှစ်ကောင်းများပေးနိုင်ရန် နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းအထိ သစ်တောဖုံးလွှမ်းမှုများ တိုးတက်လာစေရန် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ပြည်သူအားလုံးပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်အကြီးအကဲ၏ အလေးအနက်တိုက်တွန်းမှာကြားချက်နှင့်အညီ နိုင်ငံတစ်ဝန်း သစ်တောများဖုံးလွှမ်းကာ စိမ်းလန်းသာယာစိုပြည်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
