နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ရေဆေးကြောသန့်ရှင်းခြင်း၊ နုန်းများဖယ်ရှားခြင်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ရေဆေးကြောသန့်ရှင်းခြင်း၊ နုန်းများဖယ်ရှားခြင်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 19, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ယာယီကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ အောင်းကုန်းဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအတွင် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ မွန်းတည့်ခွင်-ကျည်တောင်-ခေါမ-ညောင်ပင်သာ လမ်းပေါ်ရှိ တံတားအမှတ် ၂/၂၀ သံဘောင် ဘေလီတံတားတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ဈေးကုန်းကျေးရွာ အလယ်တန်းကျောင်းခွဲ၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ထိန်ပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့တွင် ရေဝင်ရောက်ခဲ့မှုကြောင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများက ရေဆေးကြောသန့်ရှင်းခြင်းနှင့် နုန်းများဖယ်ရှားခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ပင်လောင်းလမ်းနှင့် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးတွင် ရေလွှမ်းမိုးမှုကြောင့် တင်ကျန်ခဲ့သော နုန်းမြေများဖယ်ရှားခြင်းနှင့် လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး သက်ဆိုင်ရာဌာနများက စက်ယန္တရားများနှင့် ရှင်းလင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

အေးလင်းထွန်း(ပြန်/ဆက်)