နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့် နယ်စပ်ဖြတ်ကျော်အမှုအခင်းများ အပြီးတိုင်ဖျက်ဆီးဖြိုချ
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့် နယ်စပ်ဖြတ်ကျော်အမှုအခင်းများ အပြီးတိုင်ဖျက်ဆီးဖြိုချ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 15, 2025
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်မြို့အခြေစိုက်သံတမန်များနှင့်ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များအား ရှင်းလင်းပြောကြားသည့်အစီအစဉ်ကို နိုဝင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့၌ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲကိစ္စအကြောင်းအရာများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာအကြောင်းအရာများ၊ နယ်စပ်ဒေသအခြေပြု နိုင်ငံဖြတ်ကျော်မှုခင်းများ၊ နယ်စပ်အခြေပြုလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံတကာရာဇဝတ်ဂိုဏ်းများ၏ ပူးပေါင်းကျူးလွန်နေမှုများကို တိုက်ဖျက်နေသည့်ကိစ္စများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့်ပတ်သက်လျှင် နိုင်ငံတကာမှသတင်းဌာနများ၏ သတင်းဖော်ပြချက်များမှာ မပြည့်စုံခြင်း၊ မမှန်ကန်ခြင်း၊ မမျှတခြင်းများနှင့် တစ်ဖက်စောင်းနင်းဖြစ်နေလေ့ရှိသည်။ သို့ဖြစ်ရာ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုများ၊ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများနှင့်ပတ်သက်လျှင် မြန်မာနိုင်ငံကို ခေါင်းစဉ်တပ် ရေးသားဖော်ပြထုတ်လွှင့်ကြခြင်းကြောင့် နိုင်ငံနှင့်လူမျိုးတို့သိက္ခာကျစရာဖြစ်ရသည်။ အမှန်အားဖြင့် အဆိုပါ မူးယစ်ဆေးဝါးမှုနှင့် အွန်လိုင်းလိမ်လည်မှုများမှာ နယ်စပ်ဒေသအခြေပြု လက်နက်ကိုင်အဖွဲ့များ စိုးမိုးထားသည့်နယ်မြေများတွင် အခြေစိုက်ကျူးလွန်နေကြခြင်းဖြစ်ပြီး ၎င်းတို့အတွက် လိုအပ်သည့်အရင်းအမြစ်များအားလုံးကို နယ်နိမိတ်ထိစပ်နေသည့် တစ်ဖက်အိမ်နီးချင်းနိုင်ငံများမှ ရယူနေကြခြင်းဖြစ်သည်။
ဥပမာအားဖြင့် ယခုနောက်ပိုင်းခေတ်စားလာသည့် ဓာတုပစ္စည်းအခြေပြု မူးယစ်ဆေးအမျိုးမျိုးထုတ်လုပ်ရန် လိုအပ်သည့် ပရီကာဆာခေါ် ဓာတုပစ္စည်းများကို အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းလာကြခြင်းဖြစ်သည်။ အွန်လိုင်းလိမ်လည်မှုနှင့်လောင်းကစားမှုများ၊ ကာစီနိုများစသည်တို့ကို ကျူးလွန်ဆောင်ရွက်ကြရာတွင်လည်း နယ်စပ်အခြေပြုလက်နက်ကိုင်အဖွဲ့များ၏ နယ်မြေအတွင်း လက်နက်ကိုင်အဖွဲ့များ၏ ကာကွယ်စောင့်ရှောက်မှုကိုရယူ၍ အကျိုးတူဆောင်ရွက်ကြခြင်းဖြစ်သည်။ မြို့တစ်မြို့ပမာ လိုအပ်ချက်များပြည့်စုံစွာ တည်ဆောက်ထားသည့် အွန်လိုင်းလိမ်လည်/လောင်းကစားဂိုဏ်း အခြေစိုက်ရာနေရာအတွက် လိုအပ်သည့်အရင်းအမြစ်အားလုံးကို တစ်ဖက်နိုင်ငံမှ တင်သွင်းရယူကြရာတွင် ၎င်းတို့လုပ်ငန်းအတွက် လူအင်အားအရင်းအမြစ်ကို တစ်ဖက်နိုင်ငံများမှတစ်ဆင့် ရာနှုန်းပြည့်နီးပါးနည်းအမျိုးမျိုးဖြင့် လိမ်လည်ခေါ်ယူ တင်သွင်းခဲ့ကြခြင်းဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံအချို့တွင် အခြေစိုက်လုပ်ကိုင်ခဲ့ကြသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့် လောင်းကစားဂိုဏ်းများမှာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်လာသည့်ကာလတွင် မြန်မာနိုင်ငံသို့ စတင်အခြေချလာခဲ့သည်။ ယင်းနောက် လူကုန်ကူးမှုများ၊ အွန်လိုင်းအခြေပြုငွေလိမ်မှု ဇာတ်လမ်းများစတင်လာပြီး မြန်မာနိုင်ငံ၏ မျက်နှာကို အိုးမဲသုတ်ခံလာရခြင်းဖြစ်သည်။ စင်စစ် အဆိုပါ ရာဇဝတ်မှု၏ နောက်ကွယ်မှကြိုးကိုင်သူသည် နိုင်ငံခြားသား၊ ဒုစရိုက်လုပ်ငန်းအတွက် လိုအပ်သည့်စက်ပစ္စည်း၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ အစားအသောက်၊ လူသုံးအိမ်သုံးပစ္စည်းများ စသည်တို့အပါအဝင် လိုအပ်သမျှကို ရောင်းချထောက်ပံ့ပေးပြီး အကျိုးအမြတ်ရသူများမှာ တစ်ဖက်နိုင်ငံမှကုန်သည်များ၊ ငွေကြေးလွှဲပြောင်းမှုတွင်လည်း တစ်ဖက်နိုင်ငံမှ အခြေခံအဆောက်အအုံများ စသည်တို့ဖြစ်ရာ မိမိတို့နိုင်ငံမှာမူ နာမည်ပျက်ရသည့်အပြင် ပြည်တွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးတို့အပေါ်တွင်လည်း ထိခိုက်စေသည်။
ယခုအခါ မြဝတီမဲ့ထော်သလေးဒေသ KK Park နယ်မြေရှိ အဆောက်အအုံစုစုပေါင်း ၆၂၅ လုံးတို့ကို ရာဇဝတ်ဂိုဏ်းများ နောက်ထပ်အခြေချမလာနိုင်စေရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် အပြီးတိုင်ဖြိုချဖျက်ဆီးလျက်ရှိသည်။ ထို့အပြင် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် မြန်မာနယ်စပ်သို့ တရားမဝင်ရောက်ရှိနေသည့် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၇၀၀၀၀ နီးပါးခန့်ကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံ၏ ပိုင်နက်နယ်နိမိတ်အတွင်း နယ်စပ်အခြေပြုလက်နက်ကိုင်အဖွဲ့များနှင့် မူးယစ်မှောင်ခိုဂိုဏ်းများ၊ အွန်လိုင်းရာဇဝတ်ဂိုဏ်းများ၏ ကျူးလွန်မှုများကို နှိမ်နင်းတိုက်ဖျက်ရာတွင် အိမ်နီးချင်းနိုင်ငံများ၏ ဝိုင်းဝန်းထိန်းချုပ်ပေးမှု၊ အလေးထားစောင့်ကြည့်အရေးယူ ဆောင်ရွက်ပေးမှုတို့မှာ လွန်စွာအရေးကြီးသည်။ နယ်စပ်ဖြတ်ကျော်အမှုအခင်းများ ကင်းစင်ခြင်းသည် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှုနှင့် နှစ်နိုင်ငံအကျိုး စီးပွားဖြစ်ထွန်းစေမှုတို့အတွက်ဖြစ်ရာ နှစ်နိုင်ငံတက်ကြွစွာပူးပေါင်း ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
