ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 17, 2025

နေပြည်တော် စက်တင်ဘာ ၁၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ ရပ်ကွက်ကြီး (၆) ဥဿာမြို့သစ်ရှိ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံ၌ ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှု၊ ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှုနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ပဲခူးတိုင်းဒေသကြီး မြို့တော်ခန်းမ၌ ကျင်းပသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သက်ကြီးပုဂ္ဂိုလ်များအတွက် အထောက်အပံ့ဖြစ်နိုင်စေရေးနှင့် ၎င်းတို့အား လေးစားတန်ဖိုးထားခြင်းအားဖြင့် နိုင်ငံတော်အစိုးရက ထောက်ပံ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အဖြစ် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးများကို ခြောက်လစာ တစ်စုတစ်စည်းတည်း ပေးအပ်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများနှင့် ဘိုးဘွားရိပ်သာများအတွက် နိုင်ငံတော်အနေဖြင့် ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ဂေဟာ၊ ရိပ်သာများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းများ၊ စံလုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက်စေလိုကြောင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူသက်ကြီးပုဂ္ဂိုလ် ၂၀၄၅၇ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေး ငွေကျပ် ၁၂၀၄ ဒသမ ၈၀၀ သန်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၁၁ ခု၊ အမျိုးသမီးဂေဟာတစ်ခုနှင့် ဘိုးဘွားရိပ်သာ ၁၆ ခု၊ စုစုပေါင်း ဂေဟာ၊ ရိပ်သာ ၂၈ ခုနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၇၉ ကျောင်းတို့အတွက် ထောက်ပံ့ကြေးကျပ် ၂၇၉ ဒသမ ၇၆၉ သန်း နှင့် နေရပ်စွန့်ခွာပြည်သူ ၁၁၄၇၀၄ ဦး အတွက် နိုင်ငံတော်က ထောက်ပံ့ငွေကျပ် ၆၈၈၂ ဒသမ ၂၄၀ သန်းကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်ကာ မသန်စွမ်းသူ သုံးဦးအတွက် Wheel Chair များ ပေးအပ်သည်။
ထောက်ပံ့ပေးခဲ့
ယနေ့အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ ၂၀၄၅၇ ဦး၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက စောင့်ရှောက်ထားသူ ၁၉၃၃ ဦးနှင့် နေရပ်စွန့်ခွာပြည်သူ ၁၁၄၇၀၄ ဦး စုစုပေါင်း ၁၃၇၀၉၄ ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်းငွေကျပ် ၈၃၆၆ ဒသမ ၈၀၉ သန်း ထောက်ပံ့ပေးခဲ့သည်။
အခမ်းအနားအပြီးတွင် ပဲခူးတိုင်းဒေသကြီး အမှတ် (၁) မူလတန်းကြိုကျောင်း၌ ကလေးငယ်များအား လက်ခံစောင့်ရှောက်ထားရှိမှုကို ကြည့်ရှုပြီး လူမှုဝန်ထမ်းရုံး၌ ပဲခူးတိုင်းအတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်