ပဲခူးတိုင်းဒေသကြီး e-Government ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခြင်း
ပဲခူးတိုင်းဒေသကြီး e-Government ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခြင်း
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပဲခူးမြို့ / August 06, 2020
ဩဂုတ်လ ၅ ရက်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ သြဂုတ်လ(၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး e-Government ဦးဆောင်ကော်မတီမှ e-Office ဒုတိယအဆင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရုံးလုပ်ငန်းများ ဌာနဆိုင်ရာအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရာတွင် အချိန်ကုန်သက်သာစေရန်၊ ပြည်သူများအတွက် ဝန်ဆောင်မှုများပေးရာတွင် အဂတိတရားကင်းရှင်းပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ဌာနဆိုင်ရာနှင့် ပြည်သူများအကြား ယုံကြည်မှုနှင့် အပြန်အလှန် လေးစားမှုရှိစေရန်အတွက် e-Government အထောက်အကူပြု e-Office System ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုတို့အတွက် အစိုးရဌာနဆိုင်ရာများ e-Government System ကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက e-Government System လက်ရှိဆောင်ရွက်နေမှုနှင့် e-Government အထောက်အကူပြု TOT သင်တန်းများ ဖွင့်လှစ်ခဲ့မှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် e-Office System သုံးစွဲနေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ Host Myanmar Co., Ltd မန်နေဂျင်းဒါရိုက်တာ ဦးကျော်စွာသန့်က e-Government အထောက်အကူပြု e-Office System အား ဒုတိယအဆင့်အနေဖြင့် တိုင်းဒေသကြီး/ ခရိုင်ရုံးများ / မြို့နယ်ရုံးများအထိ ချိတ်ဆက်ဆောင်ရွက်သွားမည့် Network System အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။