ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 03, 2024
image_latest


နေပြည်တော် ဇူလိုင် ၂

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၁)၏ အနောက်ဘက်ရှိ သတ်မှတ်နေရာ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဦးစီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်တောသစ်ပင်များနှင့် သစ်တောဂေဟစနစ်သည် လူသန်းပေါင်း များစွာအတွက် လိုအပ်သောအစားအစာ၊ အသုံးအဆောင်များ၊ သစ်တောထွက် ပစ္စည်းအမျိုးမျိုးတို့ကို ထောက်ပံ့ပေးနေပြီး ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ လေထုအတွင်းမှ ကာဗွန်ကိုစုပ်ယူသိုလှောင်ဖယ်ရှားပေးခြင်း၊ ရေနှင့်လေကို သန့်စင်ပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝစေခြင်း၊ မြေဆီမြေနှစ်အဆင့်ဆင့် ဖြစ်ပေါ်စေခြင်းစသည့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ ထို့ပြင် ငါးသယံဇာတထိန်းသိမ်းခြင်းနှင့် ငါးမျိုးရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီးမှုမဖြစ်စေရန်အတွက် ငါးသားပေါက်ကောင်ရေ ၁၀၀၀၀ ကိုလည်း စိုက်ထည့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က သတ်မှတ်နေရာများ၌ ရတနာတန်းဝင်ကျွန်းပင်များကို စတင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများက အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် သတ်မှတ်နေရာများ၌ ရတနာတန်းဝင်ကျွန်းပင်များ စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့သည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ငါးသားပေါက်များကို ဝန်ကြီးဌာနအနောက်ဘက်ရှိရေကန်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးကြသည်။

လက်ခံတွေ့ဆုံ

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Sanjay Mathur နှင့်အဖွဲ့အား နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) တို့အကြား လက်ရှိ ဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် UNOPS တို့မှ တာဝန် ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်