ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)အား ကြည့်ရှုစစ်ဆေး စီမံကိန်းလုပ်ငန်းများအား ရေးဆွဲထားရှိသည့် အချိန်ဇယားများအတိုင်း ပြီးစီးရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြား
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)အား ကြည့်ရှုစစ်ဆေး စီမံကိန်းလုပ်ငန်းများအား ရေးဆွဲထားရှိသည့် အချိန်ဇယားများအတိုင်း ပြီးစီးရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 09, 2025
နေပြည်တော် နိုဝင်ဘာ ၈
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ ညွှန်ကြား ရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာ၊ စက်ရုံမှူး၊ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)တို့မှ အရာထမ်း၊ အမှုထမ်းများ၊ စက်ရုံတည်ဆောက်ရေး စီမံကိန်းအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်ဝန်ထမ်းများ၊ မိသားစုဝင်များအားလုံးမဲပေးနိုင်ရေးစီမံဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ နှစ်အလိုက်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ပြန်လည်သုံးသပ်ပြီး အားနည်းချက်၊ အားသာချက်များကိုဖော်ထုတ်ရမည်ဖြစ်ကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့်စီမံကိန်းလုပ်ငန်းများအား ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးတာဝန်ရှိသူအဆင့်ဆင့်ကကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် လိုအပ်သော ဆက်စပ်ပစ္စည်းများအား ကြိုတင်ဝယ်ယူစုဆောင်းထားရှိရမည်ဖြစ်ကြောင်း၊ စက်ရုံ၌စစ်ဆေးပြုပြင်ပြီးဖြစ်သည့် စက်ပစ္စည်းများကိုလည်း စမ်းသပ်မောင်းနှင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းများကို အစဉ်အမြဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက်ဆောင်ရွက်ရသည့် ဦးစီးဌာနဖြစ်၍ စက်မှုလုပ်ငန်းများကိုပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်ရုံမှူး၊ ပြည်နယ်စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးတို့က စီမံကိန်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်ရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်းရှိ စက်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်စစ်ဆေးကြပ်မတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို အသီးသီးရှင်းလင်းတင်ပြရာ စီမံကိန်းလုပ်ငန်းများအား ရေးဆွဲထားရှိသည့် အချိန်ဇယားများအတိုင်း ပြီးစီးရေးကြပ်မတ်ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်ကုန်ကြမ်းပြုပြင်ရေး အလုပ်ရုံတွင်တပ်ဆင်ထားရှိသည့် စက်ပစ္စည်းများကိုဝန်အားဖြင့် စမ်းသပ်လည်ပတ်နေမှု၊ လေသန့်စင်အလုပ်ရုံတွင် စက်ပစ္စည်းများ စမ်းသပ်မောင်းနှင် နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။
သတင်းစဉ်
