ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် Virtual စနစ်ဖြင့်တွေ့ဆုံ လူနာများ အရေးပေါ်လူနာဌာနသို့ ရောက်ရှိချိန်မှ စတင်ကာ ပြည်သူများ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ဆေးကုသမှုရရှိနိုင်ရေးမှာကြား
ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် Virtual စနစ်ဖြင့်တွေ့ဆုံ လူနာများ အရေးပေါ်လူနာဌာနသို့ ရောက်ရှိချိန်မှ စတင်ကာ ပြည်သူများ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ဆေးကုသမှုရရှိနိုင်ရေးမှာကြား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 09, 2025
နေပြည်တော် နိုဝင်ဘာ ၈
ပြည်သူ့ဆေးရုံများ သန့်ရှင်းသာယာကောင်းမွန်စေရေး ပြင်ဆင်မွမ်းမံမည့်ကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆေးရုံတိုင်းတွင် ဆရာဝန်ရှိစေရေးအတွက် တိုက်နယ်ဆေးရုံများအထိ ဆရာဝန်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲကပညာရေး၊ ကျန်းမာရေးကဏ္ဍကို အထူးအလေးပေးဆောင်ရွက်လျက်ရှိပြီး ပြည်သူ့ဆေးရုံများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် အထူးရန်ပုံငွေများချထားပေးရာ တာဝန်ရှိသူများအနေဖြင့်ပြည်သူများ အားကိုးအားထားရာဆေးရုံများဖြစ်လာစေရန် ဆေးရုံဥပဓိရုပ်လှပရေး၊ သပ်ရပ်သန့်ရှင်းစေရေး၊ ရေမီးမိလ္လာစနစ်များ ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အသုံးပြုခွင့်ပေးထားသောရန်ပုံငွေများကို စနစ်တကျ အလေအလွင့်မရှိစေဘဲ ဆောင်ရွက်သွားရန်လိုကြောင်း၊ သက်ဆိုင်ရာပြည်နယ်/တိုင်းအစိုးရအဖွဲ့များနှင့်လည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဝန်ထမ်းအိမ်ရာလိုအပ်ချက်၊ ဆေးနှင့်ဆေးပစ္စည်း လိုအပ်ချက်များကို ဖြည့်ဆည်းကာပြည်သူများ အားကိုးယုံကြည်ရသည့် ပြည်သူ့ဆေးရုံများ ဖြစ်စေရေးအတွက်လူနာများ အရေးပေါ်လူနာ ဌာနသို့ ရောက်ရှိချိန်မှစတင်ကာ ပြည်သူများ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်ဆေးကုသမှုရရှိ နိုင်ရေးတို့ကို မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းကဆေးရုံများတွင်အရေးပေါ်နှင့်ပြင်ပ လူနာကောင်းမွန်စေရေးအတွက်လိုအပ်သောပြင်ထိန်းလုပ်ငန်းများကို သေချာစွာကြီးကြပ် ဆောင်ရွက်ရန်မှာကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှတို့က လုပ်ငန်းများလျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအလေးထားဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးများ၏တင်ပြ ချက်များနှင့် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
