ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တန် ၁၅၀ ဆန်စက်ဖွင့်ပွဲနှင့် တန် ၁၂၀ ဆန်စက်ပန္နက်ရိုက်အခမ်းအနားများ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တန် ၁၅၀ ဆန်စက်ဖွင့်ပွဲနှင့် တန် ၁၂၀ ဆန်စက်ပန္နက်ရိုက်အခမ်းအနားများ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 26, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် တန် ၁၅၀ ဆန်စက်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် အကွက်အမှတ် (၅၉၀) ၌ ကျင်းပသည်။

အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တန် ၁၅၀ ဆန်စက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်၍ တာဝန်ရှိသူများနှင့်အတူ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့ဖွင့်လှစ်လိုက်သည့် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် Royal Ruby Flower တန် ၁၅၀ ကျ ဆန်စက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လည်ပတ်လျက်ရှိသည့် ဆန်စက်များအနက် အဆင့်မြင့်ဆန်စက်ကြီးတစ်ခုဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း တောင်သူလယ်သမားများ၏ လယ်ယာမြေများမှထွက်ရှိလာသော စပါးများ အလေအလွင့်မရှိစေရေး၊ ဈေးကွက်ရရှိရေး၊ အခြေခံတောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားလာစေရေး၊ ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးတို့ကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့အနေဖြင့်လည်း သွင်းအားစုများ ပံ့ပိုးမှု၊ ထွက်ရှိသီးနှံများ ဈေးကွက်ချိတ်ဆက်ပေးမှုတို့ဖြင့် အကျိုးတူလယ်ယာစနစ် (Contract Farming System) ကို ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က တန် ၁၅၀ ကျ ဆန်စက်ပေါ်ပေါက်လာရေးဆောင်ရွက်ပေးခဲ့မှုများ၊ ဆန်စက်၏ လည်ပတ်စွမ်းအားနှင့် အဆင့်မြင့်ကြိတ်ခွဲပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည့်အခြေအနေများ၊ တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ၏ မိသားစုဝင်ငွေတိုးပွားရေးဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌက တန် ၁၅၀ ဆန်စက် စီမံကိန်းဖြစ်ပေါ်လာပုံနှင့် ယခု တန် ၁၅၀ ဆန်စက်တွင် သမဝါယမကောလိပ်ကျောင်းဆင်းများနှင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းဆင်းများ အလုပ်အကိုင်ခန့်ထားပေးနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက တန် ၁၅၀ ဆန်စက်တည်ဆောက်ခဲ့မှုနှင့် မြန်မာတစ်နိုင်ငံလုံးဆန်စက်တည်ဆောက်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

လှည့်လည်ကြည့်ရှုစစ်ဆေး

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် အောင်သဇင်သမဝါယမအသင်းလီမိတက်တို့ အကျိုးတူ ပူးပေါင်းတည်ဆောက်မည့် တန် ၁၂၀ ကျ ဆန်စက် ပန္နက်တင်အခမ်းအနားသို့ တက်ရောက်ပြီး သတ်မှတ်နေရာများတွင် ပန္နက်တင်ပေး၍ စမ်းဝတီနို့ချက်စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ သဘာဝမြေဩဇာထုတ်လုပ်နေမှုများ ကိုလည်းကောင်း၊ ပန်းရိုးမရေသန့်စက်ရုံကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်နန္ဒာ (မြောက်) ခေတ်မီစံပြကျေးရွာ၌ ကျေးရွာမှမြို့သို့သွားသော အရှည်တစ်မိုင် ကတ္တရာလမ်းဖွင့်ပွဲသို့ တက်ရောက်၍ ကတ္တရာလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျေးရွာသူ ကျေးရွာသား များနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များကို လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ သမဝါယမကောလိပ်၌ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးပြန်လည်ပြုပြင် ဆောင်ရွက်ရေးတာဝန်ရှိသူများအား မှာကြားပြီး ကျောင်းအုပ် ဆရာမကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများကို သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား၍ ပေါင်းကူးတက်ရောက်ခွင့် မရရှိသည့် ကျောင်းသား ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သတင်းစဉ်

HOT NEWS
January 4,