ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 16, 2026
နေပြည်တော် ဇန်နဝါရီ ၁၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိခရိုင် တပ်ကုန်းမြို့နယ် သော်တာကျေးရွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (MRTV) သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ အားပေးစကားပြောကြားသည်။
ကြည့်ရှုစစ်ဆေးစဉ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးသည့်အခါ ကျောင်းသားများ၏ အရည်အချင်းအပေါ်မူတည်၍ ပညာသင်ယူခွင့်အခွင့်အလမ်းများ ကွဲပြားသွားမည်ဖြစ်ကြောင်း၊ ထူးချွန်သည့် ကျောင်းသား ကျောင်းသူများအနေဖြင့် နည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာကောလိပ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များကို ဆက်လက်ဆည်းပူးရမည်ဖြစ်ပြီး ရိုးရိုးအောင်မြင်ကြသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်ဂျင်နီယာနည်းပညာဒီပလိုမာ)၊ စိုက်ပျိုးရေးသိပ္ပံ (စိုက်ပျိုးရေးဒီပလိုမာ)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (စက်မှုလယ်ယာနည်းပညာဒီပလိုမာ)၊ စိုက်ပျိုးရေးသိပ္ပံ (မွေးမြူရေး ဒီပလိုမာ)၊ ငါးလုပ်ငန်းသိပ္ပံ (ငါးလုပ်ငန်းသိပ္ပံဒီပလိုမာ) ကျောင်းများသို့ လည်းကောင်း၊ မအောင်မြင်သည့် ကျောင်းသား ကျောင်းသူများအနေဖြင့် အသိအမှတ်ပြုလက်မှတ်ရရှိမည်ဖြစ်ပြီး လုပ်ငန်းခွင်များသို့လည်းကောင်း ဝင်ရောက်နိုင်ကြမည်ဖြစ်ပါကြောင်း။
မိမိရည်မှန်းချက်များ အောင်မြင်ရန်အတွက် သင်ခန်းစာများကို နေ့စဉ်ကျေညက်အောင် လေ့ကျင့်ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်တွင် စက်မှုကျွမ်းကျင်သူများ၊ စိုက်ပျိုးရေးကျွမ်းကျင်သူများ၊ မွေးမြူရေးကျွမ်းကျင်သူများကို မွေးထုတ်ပေးရန် လိုအပ်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးသည်လည်း စိုက်ပျိုးရေးအပေါ်တွင် အခြေခံသည့်အတွက် ကျောင်းသား ကျောင်းသူများအနေဖြင့် အနာဂတ်တွင် နိုင်ငံတော်အတွက် အားထားရသည့် ကျောင်းသား ကျောင်းသူများ ဖြစ်လာကြစေရန် ကြိုးစားကြစေလိုကြောင်း၊ ကျောင်းစာများကိုသာမက ကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်စေရန် အားကစားနှင့် ကျောင်းတွင်းလှုပ်ရှားမှုများတွင်လည်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် စာသင်ခန်းများ၊ လက်တွေ့စိုက်ခင်းများ၊ ကွန်ပျူတာခန်း၊ စက်မှု၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် အမှတ် (၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း သို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ လက်တွေ့သင်ယူနေမှုများကို ကြည့်ရှုအားပေးပြီး စာသင်ခန်းများနှင့် ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
