ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သံဝေဇနိယ လေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီဌာနသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး နွေရာသီ ဆည်ရေရရှိမှု အခက်အခဲမရှိစေရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 27, 2021
image_latest


နေပြည်တော် ဇန်နဝါရီ  ၂၇

ပြည်‌ထောင်စုနယ်မြေ နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီဌာနတွင် နွေရာသီ ဆည်ရေရရှိမှုအခက်အခဲဖြစ်နေ၍ တစ်နှစ်ပတ်လုံး ဆည်ရေရရှိနိုင်ရေးအတွက် ရေမော်တာ ထားရှိမည့်နေရာ၊ ရေပိုက်လိုင်းသွယ်တန်းမည့်နေရာနှင့် လျှပ်စစ်သွယ်တန်းမည့် နေရာတို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီတွင် သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ကိုဗစ်-၁၉ ကင်းစင်၍ ဘုရားဖူးများ ပြန်လည်ဖွင့်လှစ်ပါက ဘုရားဖူးပြည်သူများ ရေလုံလောက်စွာ သုံးစွဲနိုင်ရန် နှင့် နွေရာသီဆည်ရေရရှိမှု အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ရေမော်တာတပ်ဆင်ခြင်း၊ ရေပိုက်လိုင်းများ သွယ်တန်းခြင်းနှင့် လျှပ်စစ်မီးသွယ်တန်းခြင်းတို့ကို တာဝန်ယူဆောင်ရွက်မည့် Han Sein Thant Co.,Ltd. ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက စေတီများနှင့် တရားစခန်းတို့ကို တစ်နှစ်ပတ်လုံး ဆည်ရေရရှိမှု အခက်အခဲမရှိစေရေး အလေး ထားဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် အဖွဲ့သည် သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီများသို့ လှည့်လည်ဖူးမြော်ကြည်ညိုစဉ် မဟာဗောဓိစေတီတော်ရှိ ဘေးမဲ့ငါးလွှတ်ကန်အား ပြန်လည် တူးဖော်မည့်အခြေအနေကို ကြည့်ရှုစစ်ဆေး၍ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)စေတီဌာနဝန်းအတွင်း စိမ်းလန်းစိုပြေစေရန် စိုက်ပျိုးထားရှိသော အပင်များကို ဂရုစိုက်ပျိုးထောင်ရေး၊ (ဟော)စေတီဝန်းအတွင်း၌ ပျက်စီး‌နေသော အခင်းကျောက်ပြားများကို အမြန်ဆုံးပြန်လည်ပြုပြင်ရန်နှင့် တောမီးလောင်ကျွမ်းခြင်း မရှိစေရေး၊ မယ်တော်မာယာ ရေသန့်စင်သည့် ကန်တော်ရှိရေများ အမြဲမပြတ် ရေသန့်စင်စေရေး မှာကြားခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)