ပြည်ပနိုင်ငံတို့၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

ပြည်ပနိုင်ငံတို့၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / June 29, 2020
image_latest


နေပြည်တော် ဇွန် ၂၉

ပြည်ပမှ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် အစီအမံများကို ဆက်လက်ချမှတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲသည့် လေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်းမှုကြောင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသနှင့် မကာအို ဒေသတို့တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသား (၁၂၁) ဦးအား မြန်မာအမျိုးသား လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံ သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ရာ ယနေ့ညနေ ၃ နာရီမိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။  

ထို့ပြင်ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား(၁၇၁)ဦးနှင့် အင်ဒိုနီးရှားနိုင်ငံမှ (၈)ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၁)ဦး မြန်မာနိုင်ငံသားစုစုပေါင်း(၁၈၀) တို့အား အင်ချွန်း အပြည်ပြည် ဆိုင်ရာလေဆိပ်မှ တစ်ဆင့်ကိုရီးယား လေကြောင်းလိုင်း (Korean Airlines) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

ဖေါ်ပြပါမြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာကန့်သတ်နေထိုင် ရေးတို့ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပ နိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာမြန်မာသံရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများနှင့် မြန်မာနိုင်ငံရှိသက်ဆိုင်ရာ ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိပါရာ ယနေ့အချိန်ထိ မြန်မာနိုင်ငံသားဦးရေ စုစုပေါင်း(၆၁၂၈)ဦးအား မြန်မာ နိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,