ပြည်ပသို့ ရေငန်ထွက်ကုန်များ အေးခဲတင်ပို့မှုထက် အရှင်တင်ပို့နိုင်ပါက နိုင်ငံခြားငွေတိုးမြင့်ရရှိလာမည်
ပြည်ပသို့ ရေငန်ထွက်ကုန်များ အေးခဲတင်ပို့မှုထက် အရှင်တင်ပို့နိုင်ပါက နိုင်ငံခြားငွေတိုးမြင့်ရရှိလာမည်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 14, 2026
ရန်ကုန် မေ ၁၃
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းနှင့် မြိတ်တို့မှ ပြည်ပသို့ ရေငန်ထွက်ကုန်များကို အေးခဲ၍ နှစ်စဉ်တင်ပို့လျက်ရှိရာ တိုက်ရိုက်အရှင်တင်ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေပိုမိုရရှိလာမည်ဖြစ်သည့်အပြင် ရေထွက်ကုန်အရှင်တင်ပို့သော ဈေးကွက်သစ်တစ်ခုရရှိလာမည်ဖြစ်ကြောင်း သိရသည်။
ပြည်ပသို့ ရေငန်ထွက်ကုန် ငါး၊ ပုစွန်တင်ပို့ရာ၌ တနင်္သာရီတိုင်းဒေသကြီးသည် အခြားဒေသတို့ထက် နှစ်စဉ်တိုးမြှင့်တင်ပို့လျက်ရှိသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ တစ်နိုင်ငံလုံးရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၂၅ သန်းခန့်ရရှိခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး မှ ၃၀၃ ဒသမ ၆၂ သန်း ကုန်ကြမ်းအဖြစ် တင်ပို့နိုင်ခဲ့သည်။
ပြည်ပသို့တင်ပို့လျက်ရှိ
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့၊ ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့၌ ပုစွန်၊ ကျောက်ငါး၊ ကကတစ်၊ ကဏန်းပျော့၊ ဂျင်းခရုနှင့် ပင်လယ်ရေမှော်တို့ကို မွေးမြူထုတ်လုပ်၍ ပြည်ပသို့တင်ပို့လျက်ရှိသည်။ သန့်ရှင်းလတ်ဆတ်မှုကြောင့် ကြိုက်နှစ်သက်ကြပြီး ကျောက်ပုစွန်နှင့် ရေငန်ပုစွန်များကို အရှင်တင်ပို့နိုင်ပါက ပြည်ပဝင်ငွေပိုမိုရရှိလာမည်ဖြစ်သည့်အတွက် ရေထွက်ကုန် လုပ်ငန်းရှင်များကလည်း စိတ်အားထက်သန်လျက်ရှိသည်။
မြိတ်ကျွန်းစု မွေးမြူရေးကန်များမှထွက်ရှိသည့် ပနားမီးပုစွန်ဖြူများကို တရုတ်နှင့်ဂျပန်နိုင်ငံတို့သို့ တင်ပို့လျက်ရှိပြီး တရုတ်သို့ပြုတ်ထားသော ပနားမီးပုစွန်နှင့် ဂျပန်သို့အေးခဲပြုလုပ်၍ ရေလမ်းကြောင်းမှ တင်ပို့လျက်ရှိသည်။
“လက်ရှိ အေးခဲတင်ပို့နေပါတယ်။ အရှင်တင်ပို့နိုင်မယ်ဆိုရင် အကျိုးအမြတ်ပိုပြီးရရှိလာမှာပါ။ အဓိကကျောက်ပုစွန်၊ ကင်းပုစွန်နဲ့ ပနားမီးပုစွန်ဖြူအရှင်တင်ပို့ဖို့ အဆင်ပြေနေပါပြီ။ ရောင်းအားကောင်းပြီး မွေးမြူသူပိုများလာတဲ့အတွက် နိုင်ငံအတွက်လည်း နိုင်ငံခြား ငွေပိုရလာမှာပါ။ မြိတ်လေဆိပ်ကနေ တရုတ်၊ ဂျပန်ကိုတိုက်ရိုက် အရှင်တင်ပို့နိုင်ပြီဆိုရင် ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ပြီး ရေထွက်ကုန် အရှင်တင်ပို့မှုဈေးကွက်တစ်ခု ရရှိလာမှာပါ”ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူးက ပြောသည်။
လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးမှ ငါး၊ ပုစွန်နှင့် ဂျင်းခရုအရှင်များကို မြိတ်မှ ထိုင်းနိုင်ငံသို့တင်ပို့ပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့လေကြောင်းဖြင့် ဆက်လက်တင်ပို့လျက်ရှိရာ ကုန်ကျစရိတ်များမှုကြောင့် အမြတ်နည်းသော်လည်း ကုန်စည်စီးဆင်းမှုမပြတ်စေရေး ဆက်လက်တင်ပို့လျက်ရှိသည်။
ကုန်ချောအဖြစ် တိုးမြှင့်ထုတ်လုပ်ခြင်းနှင့် အရှင်တင်ပို့နိုင်မည်ဆိုပါက ယခုထက်ပိုမိုပြီး ရေထွက်ကုန်မွေးမြူထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်သည့်အပြင် ရေထွက်ကုန်အရှင်တင်ပို့သော ဈေးကွက်သစ်တစ်ခုရရှိပြီး နိုင်ငံခြားဝင်ငွေတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ဇွဲမာန်
သစ္စာ(mna)
