ပြည်သူ့ကျန်းမာရေး လူမှုဝန်းကျင်မြှင့်တင်

ပြည်သူ့ကျန်းမာရေး လူမှုဝန်းကျင်မြှင့်တင်


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / February 15, 2020
image_latest


ပြည်သူလူထု နေ့စဉ်ကျန်းမာမှုအတွက် ကျန်းမာရေးနှင့် ညီညွတ်သော လူမှုဘဝ နေထိုင်စားသောက်မှုနှင့် သန့်ရှင်းသောပတ်ဝန်းကျင်ကောင်းများ ဖြစ်ထွန်းတည်ရှိနေရန် လိုအပ်ပါသည်။ နေထိုင်စားသောက်မှုနှင့် ပတ်ဝန်းကျင် ကောင်းမွန်မှသာ ရောဂါဘေးဘယာ ကင်းဝေးပြီး သက်ရှည်ကျန်းမာ စိတ်အေးချမ်းသာစွာ ရပ်တည်နေထိုင်နိုင်ကြမည် ဖြစ်သည်။

ယခုအခါ ကူးစက်မြန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး 2019 (CovID- 19) ကြောင့် ကမ္ဘာတစ်ဝန်းမှ ပြည်သူများ စိုးရိမ်ကြောင့်ကြ ဖြစ်နေကြသော အချိန်ကာလ၌ လူတိုင်းလူတိုင်း ရောဂါပိုးမွှားများ ဝင်ရောက်ခြင်းမရှိစေရေး၊ ကိုယ်ခံအားကောင်းစေရေး အတွက် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင်မှုနှင့် သန့်ရှင်းသောလေကို ရှူရှိုက်နိုင်ရန် အထူးလိုအပ်ပါသည်။

သန့်ရှင်းသောအစားအသောက်များ စားသောက်ရန်အတွက် ရောင်းချသူရော၊ စားသုံးသူ ပြည်သူများပါ သတိမူဆင်ခြင်၍ ရောင်းချဝယ်ယူ စားသောက်မှု ပြုလုပ်ကြရန်လိုအပ်ပြီး သန့်ရှင်းသောလေကို ရှူရှိုက်နိုင်ရေးအတွက် ပြည်သူများ ကိုယ်နှိုက်ရော၊ သက်ဆိုင်ရာတို့ကပါ ဝိုင်းဝန်းပါဝင် လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ မကြာသေးမီက လူတို့ကျန်းမာ ရေးအတွက် လေထုအရည်အသွေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ဖွယ် သတင်း အချို့ ကြားသိလိုက်ရ ပါသည်။

 ရာသီဥတုပြောင်းလဲခြင်းကြောင့် လည်းကောင်း၊ လူဦးရေတိုးပွားများပြား လာမှုနှင့်အတူ လူမှုဘဝတိုးတက်ဖြစ်ထွန်းမှုများကြောင့် လည်းကောင်း လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာခြင်းသည် အပြန်အလှန် အကြောင်းအကျိုး ဆက်စပ်မှုရှိသဖြင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ အထူးသဖြင့် ရန်ကုန်မြို့ ကဲ့သို့ လူဦးရေထူထပ်သော မြို့ကြီးများတွင် မြို့ပြဖွံ့ဖြိုးတိုးတက်မှု အမျိုးမျိုး အဖုံဖုံတို့ကြောင့် လေထုညစ်ညမ်းမှု ဖြစ်ရသည်မှာ အချိန်ကာလ အတိုင်းအတာအလိုက် ကွာခြားမှုရှိမည်ဖြစ်သည်။

ရန်ကုန်မြို့ လေအရည်အသွေးကို ယခင်က ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ်သာ ထုတ်ပြန်လေ့ရှိသော်လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရန်ကုန်(ကမ္ဘာအေး) စခန်းက ဖေဖော်ဝါရီလ ၆ ရက်နေ့ မှစ၍ နေ့စဉ်ထုတ်ပြန်ပေးခဲ့ရာ ရန်ကုန်မြို့၏ လေအရည်အသွေး အခြေအနေ မှန်ကို မြို့နေလူထုသိရှိရသဖြင့် စိတ်သက်သာရဖွယ်ဖြစ်မည်ဟု ထင်ပါသည်။ ညစ်ညမ်းသောလေထုသည် ပြည်သူလူထုကျန်းမာရေးကို ထိခိုက်မှု ဖြစ်စေခဲ့ရာ၌ လေထုအရည်အသွေး အညွှန်းကိန်းတန်ဖိုးသည် အိမ်နီးချင်း နိုင်ငံနှင့်နှိုင်းစာလျှင် များစွာလျော့နည်း နေသဖြင့် စိုးရိမ်မှုလျော့နည်းမည် ဖြစ်သည်။

ရန်ကုန်မြို့ လေအရည်အသွေး အညွှန်းကိန်းတန်ဖိုးမှာ ၅၀ နှင့် ၁၀၀ ကြားတွင်သာ ရှိသည့်အတွက် ပြည်သူလူထုကျန်းမာရေး ထိခိုက်နိုင်သည့် အနေအထားမရှိပေ။ အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့တို့၏ လေအရည်အသွေး ၂၄ နာရီ တိုင်းတာမှုမှာ အညွှန်းကိန်း တန်ဖိုး ၁၅၀ အထက်တွင်ရှိနေပြီး အချို့ရက်များတွင် ၃၀၀ ကျော်အထိ ပင်ရှိနေ၍ ထိုနိုင်ငံများ၏ စိုးရိမ်ပူပန်မှုအဆင့်ကို ရောဂါကူးစက် ဖြစ်ပွားမှု အနေအထားများနှင့် ချိန်ဆကြည့်နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် လေအရည်အသွေးအညွှန်းကိန်းသည် စိုးရိမ်ပူပန်ဖွယ် မဖြစ်သော်လည်း လူဦးရေထူထပ်မှုနှင့် မြို့ပြမွန်းကျပ်မှုအရ ယခင်ကာလများကထက် စာလျှင် လေအရည်အသွေး အညွှန်းကိန်းတန်ဖိုး မြင့်မားလာသည်ဟု ဆိုနိုင်သည်။ လေအရည်အသွေး အညွှန်းကိန်းအဆင့်သည် ၅၀ နှင့် ၁၀၀ ကြား၌ အလယ်အလတ်အဆင့်ရှိပြီး ကျန်းမာရေးဆိုင်ရာ သက်ရောက်မှု မရှိဟုသိရသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့မှစ၍ နေ့စဉ်တိုင်း ထွာမှုအရ လေအရည်အသွေး တစ်ရက်နှင့်တစ်ရက် တူညီခြင်းမရှိသော်လည်း ၉၀ အထက်ရှိသော ဖေဖော်ဝါရီ ၈ ရက်၊ ၉ ရက်၊ ၁၁ ရက်နေ့များတွင်မူ ၁၀၀ ဘက်သို့ ကပ်လာသဖြင့် သတိထား ဆင်ခြင်ရမည် ဖြစ်သည်။

သို့ဖြစ်ရာ အညွှန်းကိန်း ၁၀၀ အထက်ဆိုလျှင် ခံနိုင်ရည်နည်းပါးသော သူများအတွက် ကျန်းမာရေး ထိခိုက်နိုင်သောအဆင့်ဖြစ်၍ လေအရည်အသွေး အညွှန်းကိန်း တက်လာနိုင်သည့် အကြောင်း အချက်များကို သတိပြုရမည် ဖြစ်သည်။ အညွှန်းကိန်း ၁၀၀ အထက် ရှိလာမည်ဆိုပါက အသက်ရှူ လမ်းကြောင်းဆိုင်ရာ သို့မဟုတ် နှလုံးရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ အသင့်အတင့် ထိခိုက်နိုင်ဖွယ်ရှိသဖြင့် လေထုညစ်ညမ်းမှု မဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။ ။

HOT NEWS
January 4,