ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေဝင်ရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး

ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေဝင်ရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 03, 2024
image_latest


ဗန်းမော် ဇူလိုင် ၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့် ခွန်သာရပ်ကွက်နှင့် ဆင်ကုန်းရပ်ကွက်သို့ ယမန်နေ့ နံနက်ပိုင်းက မြစ်ရေတိုးဝင်လာပြီး အိမ်ထောင်စုအချို့အား တာဝန်ရှိသူများနှင့် ကူညီကယ်ဆယ်‌ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဧရာဝတီမြစ်ရေတိုးဝင်လာမှုကြောင့် မြေနိမ့်ပိုင်းတွင် လူနေအိမ်ခြံဝန်းနှင့် လမ်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိသည့်အတွက် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ရေဘေးသင့်ပြည်သူများ အား ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့်အဖွဲ့ ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတ ကူညီရေးအသင်းများနှင့် တပ်မတော်သားများက အ.လ.က(၁)၊ အမှတ်(၄)မူလွန်ကျောင်း၊ အမှတ်(၃) မူလွန်ကျောင်းနှင့် ဓမ္မိကာရုံကျောင်းများတွင် ဖွင့်လှစ်ထားရှိသည့် ရေဘေးကယ်ဆယ်ရေး စခန်းများ သို့ ရွှေ့ပြောင်းပေးခဲ့ကြသည်။ ထို့အတူ မြစ်ရေကြီးမှု အသိပေးနှိုးဆော်ချက်များကို ဗန်းမော်မြို့တွင်းလှည့်လည် အသိပေးနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင်လ ၂ ရက် ညနေ ၃ နာရီခွဲ အချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၌ (၁၁၃၂) စင်တီမီတာဖြစ်ပြီး ဗန်းမော်မြို့၏ စိုးရိမ်ရေမှတ်မှာ (၁၁၅၀) စင်တီမီတာဖြစ်ကြောင်း သိရသည်။

ရှိုးသီဟ (ပြန်/ဆက်)