မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာမှ အလယ်တန်းပြဆရာမ ၁ ဦးနှင့် ခင်ပွန်းဖြစ်သူတို့အား PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးသတ်ဖြတ်
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာမှ အလယ်တန်းပြဆရာမ ၁ ဦးနှင့် ခင်ပွန်းဖြစ်သူတို့အား PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးသတ်ဖြတ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 02, 2025

နေပြည်တော် ဇွန် ၂
PDF အမည်ခံ အစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ပြုလုပ်လျက်ရှိရာ ဇွန်လ ၁ ရက်နေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာရှိ ဝက်ချုပ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အလယ်တန်းပြဆရာမဖြစ်သူ ဒေါ်သန်းညွန့် အသက် ၆၁ နှစ်နှင့် ခင်ပွန်းဖြစ်သူ ဦးသောင်းခင် အသက် ၅၉ နှစ်တို့သည် နေအိမ်၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဆရာမ ဒေါ်သန်းညွန့်အား သစ္စာမဲ့ဝန်ထမ်း(Disloyalty Civil Servant- DCS) ပြုလုပ်ရန်နှင့် ကျောင်းအပ်လက်ခံခြင်းအား ဆက်လက်မပြုလုပ်ရန် ခြိမ်းခြောက်ပြောဆိုရာ ဆရာမဒေါ်သန်းညွန့်မှ ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်အရေးအတွက် နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ကျေပွန်လို၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ထောက်ခံအားပေးမှုမရှိသည့်အတွက် ၎င်းတို့ ၂ ဦးအား အဆိုပါကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာသို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်၍ လူသားမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ပညာရေးဝန်ထမ်းများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်ထိ အကြမ်းဖက်ကျူးလွန်မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ပညာရေးဝန်ထမ်း သေဆုံးသူ ၇၉ ဦး၊ ဒဏ်ရာရရှိသူ ၃၅ ဦးရှိကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်တွင် နိုင်ငံ့ဝန်ထမ်းကောင်းဆရာ၊ ဆရာမများအား PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများ၊ အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်မှုများအား ပြည်သူလူထုအနေဖြင့် လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။