မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကျင်းပ

မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 05, 2025
image_latest


နေပြည်တော် ဇူလိုင် ၄ 

အစဉ်အလာကြီးမားသော မန္တလေးတက္ကသိုလ်ကြီး၏ နှစ် ၁၀၀ ပြည့်မြောက်ခဲ့သည့် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသောအားဖြင့် မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV Auditorium) ခန်းမ၌ ကျင်းပသည်။

အဆိုပါ တေးဂီတဖျော်ဖြေပွဲ သို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာစိုးဝင်းနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးမြို့ မြို့မိ မြို့ဖများ၊ မန္တလေးတက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဖျော်ဖြေပွဲမစတင်မီ MRTV Lobby ၌ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် (ငြိမ်း) ဦးမောင်ကိုက မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် အလှူငွေကျပ် သိန်း ၂၀၀ ကို ပေးအပ်လှူဒါန်းရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူသည်။

ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

ထို့နောက် မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် တေးဂီတ ဖျော်ဖြေပွဲကိုကျင်းပရာ ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးတို့က မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲတွင် ပါဝင်တင်ဆက်ကြမည့် မန္တလေးမြို့မ တေးဂီတအဖွဲ့ကြီးနှင့် အနုပညာရှင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၅၀ အားလည်းကောင်း၊ ပြန်ကြား ရေးဝန်ကြီးဌာနမှ ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း ၃၀ အားလည်းကောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကပေးအပ်ရာ မြို့မတေးဂီတအဖွဲ့ကြီး၏ နာယကများဖြစ်ကြသည့် ဦးခင်မောင်သန်း၊ ဦးမြတ်စိုးဆွေနှင့် ဦးခင်မောင်ဆွေတို့က လက်ခံရယူကြသည်။

ဖျော်ဖြေတင်ဆက်

ယင်းနောက် မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို ဆက်လက်ကျင်းပရာ မန္တလေးမြို့မတူရိယာအသင်းကြီး၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော် တေးသံရှင်များဖြစ်ကြသည့် သန်းမြတ်စိုး၊ ဖိုးသောကြာ၊ အိအိချွန်၊ မစံပယ်တို့နှင့် မန္တလေးမြို့မ တူရိယာအသင်း၏ ပင်တိုင်တေးသံရှင်များဖြစ်ကြသည့် ညီနေမင်း၊ အောင်မျိုးမြင့်၊ ကျော်ဌေးအောင်၊ စွမ်းရည်ထက်၊ ကျော်ဇင်၊ မြတ်နုသွေးနှင့် ပန်းအိန္ဒြေထက် (ပန်းလေး)တို့က ကျောက်ဆည်မြို့၊ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းမှ သမီးပျိုလေးများ၏ အကအလှများနှင့်တွဲဖက်၍ မန္တလေးမြို့၏ ထင်ရှားကျော်ကြားသော ပုံရိပ်များ၊ အနှစ်သာရများ ကို ပေါ်လွင်ထင်ရှားစေသည့် ခေတ်အဆက်ဆက် ကျော်ကြားခဲ့သော မြို့မတေးသံသာများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။

တေးဂီတဖျော်ဖြေပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် မန္တလေးမြို့မ တီးဝိုင်းအဖွဲ့သားများနှင့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းများနှင့် တစ်ဦးချင်းအမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။

မန္တလေး တက္ကသိုလ်ကြီး၏ မူလအစဖြစ်သည့် မန္တလေးဥပစာကောလိပ်ကို ၁၉၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် မန္တလေး ဝိဇ္ဇာ/သိပ္ပံကောလိပ်နှင့် ၁၉၅၈ ခုနှစ် တွင် မန္တလေးတက္ကသိုလ်အဖြစ် ပေါ်ထွန်းခဲ့ရာ မန္တလေးတက္ကသိုလ် ကြီးသည် ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် နှစ် ၁၀၀ ပြည့်မြောက် ခဲ့သဖြင့်လည်းကောင်း၊ မန္တလေးမြို့ကြီး၏ အသည်းနှလုံးဖြစ်သော မန္တလေးမြို့မ တူရိယာအသင်းကြီးတည်ထောင်ခဲ့မှုမှာလည်း နှစ်တစ်ရာပြည့်မြောက်လာ သဖြင့်လည်းကောင်း “မန္တလေး တက္ကသိုလ်ကြီး၏ ရာပြည့်အထိမ်း အမှတ် တေးဂီတဖျော်ဖြေပွဲ ကို မန္တလေးမြို့မတူရိယာအသင်းကြီးက ဂုဏ်ယူစွာဖြင့် တီးခတ်ဖျော်ဖြေပေးခြင်းဖြစ်ရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက အပတ်စဉ်သောကြာနေ့ညတိုင်း တင်ဆက်လျက်ရှိသည့် Friday Night Live Show အစီအစဉ်တွင် တိုက်ရိုက် (Live) ရိုက်ကူး ထုတ်လွှင့်၍ နိုင်ငံတစ်ဝန်းသို့ တင်ဆက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။    

သတင်းစဉ်