မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ်အချို့၌ ငွေကျပ် သိန်း ၁,၄၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ်အချို့၌ ငွေကျပ် သိန်း ၁,၄၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / June 07, 2026
၂၀၂၆ ခုနှစ်၊ ဇွန် ၄ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်နေ သက်ကိုဝင်း(၃၆)နှစ်၏ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၁,၃၅၀)၊ မြန်မာငွေကျပ် ၃၀,၀၀၀ တို့အား ဖမ်းဆီးရမိခဲ့ကြောင်း။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဇွန် ၅ နံနက် ၄ နာရီတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ပို့ဆောင်ခိုင်းသူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ စိုင်းညွန့်(ခ)မင်းညွန့်(၃၁)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်နေ အောင်ကိုကို(ခ)သားငယ်(၄၁)နှစ် တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၅၀) နှင့်အတူ ဖမ်းဆီးရမိသဖြင့် သက်ကိုဝင်း၊ စိုင်းညွန့်(ခ)မင်းညွန့်နှင့် အောင်ကိုကို(ခ)သားငယ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
