မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်သော သီးနှံစိုက်ဧရိယာများ၌ ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်

မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်သော သီးနှံစိုက်ဧရိယာများ၌ ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 19, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၈

ရာဂီမုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ဖြစ်ပေါ်သော မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊‌ ကျောက်ဆည်ခရိုင်တို့ရှိ သီးနှံများပျက်စီးခဲ့သည့် ဧရိယာများ၌ ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး၊ ထိခိုက်ခဲ့သည့်စိုက်ခင်းများ ပြန်လည်ကုစားနိုင်ရေးနှင့် ရေဘေးလွတ်ကင်းခဲ့သည့် စိုက်ခင်းဧရိယာရှိသီးနှံများ ပန်းတိုင်အထွက်ရရှိရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန မှ သီးနှံအလိုက် ပညာရှင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အလိုက်တောင်သူ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြို့နယ်တာဝန်ခံများက သီးနှံများအလိုက် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တောင်သူများက လက်ရှိကြုံတွေ့နေရသည့်အခက် အခဲနှင့် ဒေသ၏စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းမသွားစေရေးအတွက် စီမံဆောင်ရွက်ပေးရန် လိုအပ်ချက် များကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက သက်ဆိုင်ရာခရိုင်၊ မြို့နယ်တာဝန်ရှိသူများက ရေကျပြီးနောက် ပြန်လည်စိုက်ပျိုးမည့် သီးနှံအမျိုး အစားအလိုက်၊ ဧရိယာအလိုက် စာရင်းအား အချိန်မီပြုစုပေးနိုင်ရေးနှင့် မျိုးစေ့များကိုကြိုတင်စုဆောင်းထားရှိရေး၊ တောင်သူများ ပြန်လည်စိုက်ပျိုးမည့် သီးနှံပုံစံကို ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ရေကြီးနစ်မြုပ် ထိခိုက်ခဲ့သည့် စပါးခင်းများရေကျပြီးနောက် ပြန်လည်ကုစားနိုင်မည့် အစီအမံများ၊ မြေပြင်အခြေအနေမှန် သိရှိရေးအတွက် တောင်သူများနှင့်ချိတ်ဆက်မှု လျင်မြန်ချောမွေ့စေရန် Viber group များ ကို ဒေသအလိုက် ဖွဲ့စည်းထားရှိရေး၊ နုန်းဖုံးလွှမ်းခဲ့သည့်စိုက်ဧရိယာများ ပြန်လည်စိုက်ပျိုးနိုင်မှုနှင့် ရေကြီးရေလွှမ်းပြီးနောက် ကြုံတွေ့ရတတ်သည့် သီးနှံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ယခုကြုံတွေ့ခဲ့ရသည့် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုကြောင့် သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးခဲ့ရာတွင် မိတ္ထီလာခရိုင်၌ ဧကသုံးသောင်းငါးထောင်ကျော်၊ ရမည်းသင်းခရိုင်တွင် ဧက ငါးသောင်းခြောက်ထောင်ကျော်၊‌ ကျောက်ဆည်ခရိုင်၌ ဧကတစ်သိန်းတစ်သောင်းကျော် ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်