မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / July 30, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက်က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၈ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကွမ်းခြံရိုးကျေးရွာအနီး၊ မိတ္ထီလာ-တောင်ကြီးသွားကားလမ်း မိုင်တိုင်အမှတ် ၁၁ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံ ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သာစည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သာစည်ဘက်မှ မိတ္ထီလာဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သီရိမင်္ဂလာရပ်ကွက်နေ ဌေးလွင်(၃၇)နှစ် မောင်းနှင်လာသည့် MDY-14/9K-XXXX TOYOTA PASSO မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ လားရာတူရှေ့မှ သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာနေ ပြည့်စုံခိုင်(၂၇)နှစ် မောင်းနှင်သည့် ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ပြည့်စုံခိုင်တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် ဌေးလွင် အား သာစည်မြို့မရဲစခန်း (ပ)၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။