မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲ
မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 25, 2026
ပြင်ဦးလွင် ဇန်နဝါရီ ၂၄
မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်၌ ကျင်းပသည်။
ဦးစွာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားရာတွင် တက်ရောက်လာကြတဲ့ သံတမန်များ၊ စစ်သံမှူးများ၊ မီဒီယာများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ဒီနေ့မှာတော့ မူးယစ်ဆေးဝါးနဲ့ မူးယစ် ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနဲ့ပတ်သက်ပြီး ဒုတိယအကြိမ်သတင်းစာရှင်းလင်းမှာဖြစ်ပါတယ်။ ပထမအကြိမ်မှာ မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေ ဖမ်းဆီးရမိတဲ့အခါ ဒီနေရာမှာပဲ ပထမအကြိမ်သတင်းစာရှင်းလင်းပွဲလုပ်ပြီးဖြစ်တယ်။ အဲဒီနေရာတစ်ဝိုက်ကို ထပ်ပြီးပိုက်စိပ်တိုက် ရှင်းလင်းရှာဖွေတဲ့နေရာမှာ ဒုတိယအကြိမ်မှာလည်း ချက်လုပ်တဲ့နေရာတွေနဲ့ ပမာဏများစွာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ထပ်မံရှင်းလင်းရခြင်းဖြစ်ပါတယ်။ အဲဒီနေရာကို ပထမအကြိမ်မှာ မီဒီယာတွေ၊ သံတမန်တွေလည်း ရောက်ရှိခဲ့ပြီးဖြစ်တယ်။ ပထမအကြိမ် ရောက်ရှိပြီးသားနေရာတွေကို လိုက်လံပြသပြီးနောက်ပိုင်းအားလုံးကို မြေမြှုပ်ဖျက်ဆီးတာ၊ မီးရှို့ဖျက်ဆီးတာတွေ ဆောင်ရွက်ခဲ့တာဖြစ်တယ်။ မြေမြှုပ်ဖျက်ဆီးခဲ့တဲ့နေရာတွေ၊ မီးရှို့ဖျက်ဆီးခဲ့တဲ့နေရာတွေကို ဒီနေ့သတင်းစာ ရှင်းလင်းပွဲအပြီး ပြန်တဲ့နေရာမှာ ရဟတ်ယာဉ်နဲ့ အပေါ်ကနေ ပြသသွားမှာဖြစ်တယ်။ ဒါ့အပြင် ဒုတိယအကြိမ် ထပ်မံဖမ်းဆီးရမိတဲ့နေရာတွေကိုလည်း မြေပြင်ကွင်းဆင်းပြသသွားမှာဖြစ်ပါတယ်။ ပထမဦးစွာ သတင်းစာရှင်းလင်းပွဲ တက်ရောက်ကြတဲ့ တာဝန်ရှိသူများနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကိုကိုကျော်ဖြစ်ပါတယ်။ ဒီဘက်ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးဖြစ်ပါတယ်။ ဒီဘက်မှာတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းဖြစ်ပါတယ်။ ပထမဦးစွာ ကျွန်တော့်အနေနဲ့ ရှင်းလင်းပြောကြားမှာဖြစ်ပြီး ဒုတိယကတော့ ရဲချုပ်ကြီးက ရှင်းလင်းပြောကြားသွားမှာဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ပထမဦးဆုံးပြောလိုတာကတော့ ကျွန်တော်တို့နိုင်ငံမှာ EAOs တွေနဲ့ပတ်သက်ပြီးပြောလိုပါတယ်။ EAOs တွေဆိုတာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တယ်။ မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေစတင်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၇၀ ကျော်ပြီပေါ့ ဗျာ။ ဒီ EAOs တွေ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးလုပ်ခဲ့ပေမယ့် အခုအချိန်ထိ အပြည့်အဝအောင်မြင်မှုမရသေးပါဘူး။ ဒီအောင်မြင်မှုမရရှိတဲ့အကြောင်း အရင်းထဲမှာလည်း အဓိကပါဝင်တဲ့ အကြောင်းအရင်းက မူးယစ်ဆေးဝါးပါပဲ။ မူးယစ်ဆေးဝါးနဲ့တရားမဝင်လုပ်ငန်းတွေပဲ။ သူတို့ကတော့မျိုးစုံပြောကြမှာပဲ။ သံတမန်တွေရော၊ စစ်သံမှူးတွေရော၊ တက်ရောက်လာကြတဲ့မီဒီယာတွေ ခင်ဗျားတို့သိမှာပဲ။ လူမျိုးရေး၊ အမျိုးသားရေး၊ နိုင်ငံရေးစသဖြင့် သူတို့မျိုးစုံအကြောင်းပြတာပဲ။ ဒါပေမယ့်တကယ့်မြေပြင်မှာ လက်တွေ့လုပ်နေတာကတော့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေဖြစ်ပြီး အဲဒီူလုပ်ငန်းတွေက ဝင်ငွေရရှိတယ်။ အဲဒီဝင်ငွေတွေနဲ့လက်နက်ဝယ်တယ်။ လက်နက်ဝယ်ပြီး အဲဒီငွေတွေနဲ့ပဲ အာဏာထူထောင်တယ်။ သူတို့အနေနဲ့ ပြယုဂ် ကောင်းအောင် လူမျိုးရေး၊ လွတ်မြောက်ရေးစသဖြင့် အကြောင်းပြတာဖြစ်မယ်။ တကယ့်လက်တွေ့ လုပ်ငန်းတွေမှာတော့ ဒါတွေပဲလုပ်နေတာဖြစ်တယ်။ ဒါကြောင့် EAOs အမည်ခံ လက်နက်ကိုင်တချို့အတွက် အဓိကဝင်ငွေရတဲ့လုပ်ငန်းသည် မူးယစ်ဆေးဝါးလုပ်ငန်းဖြစ်ပြီး သူတို့တွေက ဒါကိုလုံးဝ လက်မလွှတ်နိုင်တဲ့ အဓိကစီးပွားရေးလုပ်ငန်းဖြစ်ကြောင်း ပြောကြားလိုပါတယ်။ မူးယစ်ဆေးဝါးဆိုတာ တစ်မျိုးသားလုံးကို လူညွန့်တုံးစေနိုင်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်သတ်မှတ်ပြီး တိုက်ဖျက်ရမယ့်ကိစ္စဖြစ်ပါတယ်။ ဒီလိုမူးယစ်ဆေးဝါးတွေကို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ဘယ်လိုတိုက်ဖျက်ခဲ့တယ်ဆိုတာကို မူးယစ်ဆေးဝါးရဲ့ သမိုင်းကြောင်းကအစပြုပြီး ကျွန်တော်ဒီနေ့မှာ အနည်းငယ်ပြောလိုပါတယ်။
မူးယစ်ဆေးဝါးဆိုတာ ယခင်ကကျွန်တော်တို့ နိုင်ငံမှာ မရှိခဲ့ပါဘူး။ သမိုင်းဆိုင်ရာဖော်ပြချက် တွေအရ ၁၆ ရာစုမှာ ပေါ်တူဂီလူမျိုးတွေက မြန်မာနိုင်ငံကို စတင်ရောက်ရှိလာပြီး ပဲခူးမြို့မှာ ဘိန်းအရောင်းအဝယ်လုပ်ခဲ့ကြောင်းကို မှတ်တမ်းများအရ တွေ့ရှိရပါတယ်။ ၁၇ ရာစုက ဒတ်(ချ်) ကုမ္ပဏီရဲ့ မှတ်တမ်းမှာလည်း မလ္လကာမြို့က ဘိန်းတွေကို ယိုးဒယားနိုင်ငံကို ပို့ဆောင်ဖို့အတွက် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းမှတစ်ဆင့် ယူဆောင်ခဲ့ကြကြောင်းနဲ့ ပဲခူးဆိပ်ကမ်းမှာ ဘိန်းတွေ စတင်ရောင်းချခဲ့ကြောင်းကို တွေ့ရပါတယ်။ ဒါတွေကတော့ သမိုင်းဆိုင်ရာ အထောက်အထားဓာတ်ပုံတွေ ဖြစ်ပါတယ်။
၁၈၂၆ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးမှာ ဗြိတိသျှတို့က ရခိုင်နဲ့တနင်္သာရီဒေသတွေကို ဘိန်းတွေတင်သွင်းလာခဲ့တယ်။ ပထမပိုင်းမှာ ဗမာ လူမျိုးတွေက ဘိန်းမရှူတတ်၊ မစားတတ်သေးတဲ့ အချိန်မှာ အခမဲ့ပေးတယ်။ ဘိန်းသုံးစွဲပုံ၊ ရှူပုံရှူနည်း တွေပြပေးတာတို့၊ လိုင်စင်ရဘိန်းခန်းတွေကို ရခိုင် ပြည်နယ်မှာ ဖွင့်လှစ်ပေးတာတို့ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ နယ်ချဲ့ဗြိတိသျှတို့က ရခိုင်နဲ့ တနင်္သာရီ ကို မြန်မာနိုင်ငံအတွက် ဘိန်းဓလေ့သွတ်သွင်းရေး မဟာဗျူဟာအရ ပရိယာယ်အမျိုးမျိုးနဲ့ တင်သွင်း ဖြန့်ဝေခဲ့တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဘိန်းတင်သွင်း ရောင်းဝယ်ဖြန့်ဖြူးခွင့်လိုင်စင်တွေလည်း သူတို့အတွက် အခွန်များစွာရရှိစေခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံမြောက်ပိုင်း ချင်းတွင်းဒေသ၊ ချင်းတောင်ဒေသ၊ ကချင်ဒေသ၊ ရှမ်းဒေသတွေဆီကို အာသံပြည်နယ်က ဘိန်းမျိုးစေ့တွေရောက်ရှိလာတာကနေ ဘိန်းခင်းတွေ စတင်ပြန့်ပွားလာတာ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ကချင်တောင်တန်းဒေသတွေမှာလည်း တရားဝင်ဘိန်းစိုက် ခွင့်ပြုခဲ့တဲ့အပြင် ဘိန်းခန်းတွေဖွင့်ပြီး ဘိန်းရှူတာကို မှတ်ပုံတင်နဲ့ခွင့်ပြုခဲ့တာကိုလည်း တွေ့ရပါ တယ်။
ဒါ့အပြင် ကိုလိုနီခေတ်မှာ သံလွင်မြစ်အရှေ့ ဘက်ကမ်းဒေသတွေမှာလည်း ဘိန်းကိုတရားဝင် စိုက်ပျိုးခွင့်ပေးထားခဲ့ပါတယ်။ ဗြိတိသျှအစိုးရက ဘိန်းသယ်ယူတာ၊ ရောင်းချတာတို့ကို သူတို့ ကိုယ်တိုင်လုပ်ပြီး ဘိန်းဆိုင်ပေါင်းနှစ်ရာကျော် ဆိုင်ဖွင့်လှစ်ခဲ့ပါတယ်။ ဘိန်းရှူတဲ့သူနဲ့ ဘိန်းစားတဲ့ သူတွေကို တရားဝင်မှတ်ပုံတင်ထားပြီး ရောင်းချခဲ့တာကိုတွေ့ရပါတယ်။ ဒီလိုဗြိတိသျှတွေဆီမှာ မှတ်ပုံတင်ထားတဲ့ ဘိန်းစားနဲ့ဘိန်းရှူသူပေါင်း လေးသောင်းကျော်ရှိခဲ့တာကို မှတ်တမ်းတွေအရ တွေ့ရှိခဲ့ရပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း တရုတ်ပြည်မှာ တရုတ်လွတ်မြောက်ရေးတပ်မတော်က တရုတ်ဖြူ ကူမင်တန်တပ်တွေကို တိုက်ထုတ်တဲ့အခါ မြန်မာ နိုင်ငံထဲ ကူမင်တန်တပ်တွေ ကျူးကျော်ဝင်ရောက် လာချိန်မှာတော့ ကိုလိုနီဆိုးမွေအဖြစ်ကျန်ခဲ့တဲ့ ဘိန်းအနည်းငယ်သာ စိုက်ပျိုးတာကနေ သူတို့ကျူးကျော်ဝင်ရောက်ပြီးနောက်မှာ ဘိန်းအများဆုံးစိုက်ပျိုးတဲ့နိုင်ငံအဖြစ် ပြောင်းလဲစေခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ်မှာ အမေရိကန်နိုင်ငံ ထောက်လှမ်း ရေးအဖွဲ့ CIA က မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲကို အရေးနိမ့်ပြီး ရောက်ရှိလာတဲ့ ကူမင်တန်တရုတ်ဖြူ အကြွင်းအကျန်တွေကို ပြန်လည်စုဖွဲ့ပြီး တရုတ် ပြည်မရဲ့ တောင်ဘက်ပိုင်းကို ပြန်လည်တိုက်ခိုက် နိုင်ဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ မိုင်းဆတ်မှာ CIA အကူအညီနဲ့ လေယာဉ်ကွင်းဖောက်လုပ်ပေးပြီး ခေတ်မီလက်နက်ခဲယမ်းတွေကို ထိုင်းနိုင်ငံကနေ လေယာဉ်နဲ့ မိုင်းဆတ်ကို ပို့ပေးခဲ့ပါ တယ်။ အဲဒီလေယာဉ်တွေအပြန်မှာ မြန်မာနိုင်ငံကထွက်ရှိတဲ့ ဘိန်းတွေကို တင်ဆောင်သွားခဲ့ပါတယ်။ ကူမင်တန်တွေက တရုတ်ပြည်မကြီးကို စစ်ရေးအရ မထိုးဖောက်နိုင်ဘဲ မြန်မာပိုင်နက်ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ နယ်မြေတွေကိုပဲကျူးကျော်ဝင်ရောက်နိုင်ခဲ့ပြီး ဘိန်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ခဲ့ပါတယ်။ ဒေသခံတွေကိုလက်နက်နဲ့ခြိမ်းခြောက်ပြီး ဘိန်းသီးနှံအခွန်များ အဓမ္မကောက်ခံခဲ့တာကိုတွေ့ရပါတယ်။ ဒေသခံတိုင်းရင်းသားတွေကိုလည်း အတင်းအဓမ္မ လက်ထပ်ယူခဲ့ပြီး ဘိန်းကုန်သွယ်လုပ်ငန်းကို လွယ်ကူလုံခြုံအောင် အထောက်အကူ ပြုစေခဲ့တာကိုလည်း တွေ့ရပါတယ်။
ကူမင်တန်တွေ ရှမ်းပြည်နယ်ကထွက်တဲ့ဘိန်းကို ထိုင်းနိုင်ငံမြောက်ပိုင်းကို တင်ပို့ပြီး ရောင်းချခဲ့ပါတယ်။ မြန်မာ့တပ်မတော်က တိုက်ထုတ်လိုက်လို့ ကူမင်တန်တွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားပေမယ့် ဒေသခံဘိန်းစိုက်သူတွေကို ထိန်းချုပ်မြဲထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒေသခံတိုင်းရင်းသားတွေကို ကူမင်တန်တပ်ထဲကိုအဓမ္မသွတ်သွင်းပြီး လက်နက်တပ်ဆင်ထားနိုင်တဲ့အတွက် ဘိန်းထုတ်လုပ်မှုကို အဆပေါင်းများစွာ တိုးတက်ထုတ်လုပ်နိုင်ခဲ့တာတွေ့ရပါတယ်။ အဲဒီခေတ်က တစ်နှစ်ကို ဘိန်းတန် ၄၀ ထုတ်တာကနေ ၁၉၆၂ ခုနှစ်လောက်မှာတော့ တန်ချိန် ၄၀၀၀ အထိ ထုတ်လုပ်လာနိုင်တာကိုလည်း မှတ်တမ်းများအရ တွေ့ရှိရပါတယ်။ ကျန်တဲ့ပြည်တွင်းသောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့တွေကလည်း ဘိန်းစိုက်ပျိုးထုတ်လုပ်ပြီး လက်နက်တွေနဲ့လဲလှယ်ခဲ့ပါတယ်။ အမှန်တကယ်ထိန်းချုပ်မှုကို ကူမင်တန်ကပဲ ထိန်းချုပ်တာဖြစ်ပါတယ်။ ဘိန်းစိမ်းတစ်ကီလို(၂၈) ဒေါ်လာနဲ့သတ်မှတ်ရောင်းချခဲ့ပြီး လက်နက်တစ်လက်ကို ၁၂၉ ဒေါ်လာမှ ဒေါ်လာ ၁၅၀ အထိ ဈေးနှုန်းသတ်မှတ်ပြီး ဝယ်ယူလဲလှယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါဟာမြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခ အဆုံးမသတ် ရခြင်းရဲ့ ရင်းမြစ်ဖြစ်တယ်ဆိုတာကို ကျွန်တော် ပြောလိုပါတယ်။ ကူမင်တန်တရုတ်ဖြူတွေ မြန်မာ နိုင်ငံအတွင်းကို ကျူးကျော်ဝင်ရောက်မှုဟာ နိုင်ငံအတွင်းမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်တက် လာရုံမကဘဲ ပြည်တွင်းလက်နက်ကိုင်တွေအတွက် လူ၊ လက်နက်အင်အားဖြည့်တင်းရေးကိုပါ ကူညီ လုပ်ဆောင်ပေးပြီး သောင်းကျန်းမှုတွေကို မြေတောင် မြှောက်ပေးခဲ့တာဖြစ်ပါတယ်။
တပ်မတော်အနေနဲ့ မူးယစ်ဆေးဝါးကို တစ်မျိုးသားလုံးလူညွန့်တုံးစေနိုင်ပြီး အမျိုးသားရေးအန္တရာယ်လို့သတ်မှတ်တဲ့အတွက် တစိုက်မတ်မတ် နှိမ်နင်းခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ အခုအချိန်မှလုပ်ခဲ့တာမဟုတ်ပါဘူး။ တပ်မတော်ရဲ့ ပထမဦးဆုံး ဘိန်းစစ်ဆင်ရေးကို ၁၉၇၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။ ပထမဦးဆုံးကျွန်တော်တို့ မိခဲ့တဲ့ဟာကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့ရဲ့ တောင်ဘက်ပန်ပိကျေးရွာအနီးမှာ ရှမ်းသောင်းကျန်းသူ (SURA)မိုးဟိန်းအဖွဲ့နဲ့ တရုတ်ဖြူလက်နက်ကိုင် အင်အား ၃၀၀ ကျော်တို့ဟာ ဘိန်းချက်စက်ရုံ ဆောက်လုပ်ပြီး ဘိန်းဖြူများထုတ်လုပ်ခဲ့ပါတယ်။ ဒါသည် မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဖမ်းဆီးရမိခဲ့တဲ့ ဘိန်းချက်စက်ရုံဖြစ်ပါတယ်။ ဒါကဘိန်းချက်စက်ရုံ နေရာဖြစ်ပါတယ်။ ဒီဘိန်းချက်စက်ရုံကို စတင် နှိမ်နင်းခဲ့တဲ့ စစ်ဆင်ရေးကတော့ ပန်ပိစစ်ဆင်ရေး ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်ရဲ့ အကြီးဆုံး ဘိန်းနှိမ်နင်းရေး၊ စစ်ဆင်ရေးများဖြစ်တဲ့ မိုးဟိန်း စစ်ဆင်ရေးကို အဆင့်(၁)ကနေ အဆင့်(၁၂)အထိ ဆောင်ရွက်ခဲ့ပါတယ်။ အချိန်ကာလကတော့ ၁၉၇၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ကနေ ၁၉၈၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့အထိကြာမြင့်ခဲ့တာဖြစ်ပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီး ကြာမြင့်ခဲ့တာဖြစ် ပါတယ်။ အဲဒီ စစ်ဆင်ရေးကာလအတွင်းမှာ တပ်မတော်သား ၆၉ ဦး နိုင်ငံတော်အတွက် အသက် ပေးလှူခဲ့ရပြီး ၄၅၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီသမိုင်းကြောင်းတွေကို ကျွန်တော်ပြန်ပြောနေရတာက ဘာလို့လဲဆိုတော့ EAOs များက စတင်ရပ်တည်ကတည်းက မူးယစ်ဆေးဝါးကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ရပ်တည်ခဲ့သလို အခု ထိလည်း လုပ်ကိုင်နေကြဆဲဆိုတာကို သိစေချင်လို့ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးဟာ ငွေရအလွယ်ဆုံး နည်းလမ်းဖြစ်ပြီး အကာအကွယ်အတွက် တရားမဝင်လက်နက်ကိုင်တွေ လိုအပ်ပါတယ်။ တရားမဝင် လက်နက်ကိုင်အဖွဲ့များရဲ့ အဓိကတရားမဝင် စီးပွား ရေးလုပ်ငန်းသုံးခုရှိပါတယ်။ ဒါတွေကတော့ နံပါတ်တစ် မူးယစ်ဆေးဝါးလုပ်ငန်း၊ နံပါတ်နှစ်အနေနဲ့ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများ တူးဖော် ခိုးထုတ်ခြင်းလုပ်ငန်းနဲ့ နံပါတ်သုံးအနေနဲ့ တရားမဝင်မှောင်ခိုကုန်သွယ်လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို အကျယ်ပြန့်ဆုံး လုပ်ဆောင်နေ ကြတာဖြစ်ပါတယ်။ လက်နက်ရှိတဲ့အတွက် အာဏာရှိတယ်၊ အာဏာရှိတဲ့အတွက် မူးယစ်ဆေးဝါးကို အကာအကွယ်ပေးတယ်၊ လုပ်တယ်၊ လုပ်တဲ့အတွက် ကြောင့် ငွေရရှိပြီး၊ ငွေရရှိတဲ့အတွက် လက်နက်ဝယ်ယူပြီး အာဏာကို ပိုပြီးတည်ဆောက်ကြတာဖြစ်ပါတယ်။ ဒီလိုနဲ့ သံသရာလည်နေကြတာဖြစ်ပါ တယ်။ ဒီထဲမှာတော့ EAOs တချို့ကဒါတွေကို ယောင်ပြတိုက်ဖျက်သလိုလုပ်ပြီး နောက်ကွယ်မှာ တော့ သူတို့ရဲ့ အသက်ဆက်ရေးလုပ်နေတာတွေ၊ တခြားသူတွေကို လုပ်ခိုင်းနေတာတွေလည်းရှိပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး နိုင်ငံတစ်ဝန်းမူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ တရားမဝင် ရောင်းဝယ်မှု တားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကို အင်တိုက်အားတိုက် ဖိဖိစီးစီး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကနေ ၁၀ ရက်၊ ၁၁ ရက်တို့မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်များ အတွင်း မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးဝါးချက် လုပ်ရာမှာအသုံးပြုတဲ့ ပစ္စည်းကိရိယာအမြောက်အမြားကို သိမ်းဆည်းရမိမှု၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းများ သိမ်းဆည်းရမိမှုကိစ္စများနှင့် ပတ်သက်ပြီး ဒီမှာပဲ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ကျွန်တော်တို့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲအပြီး နောက်တစ်နေ့ ဖြစ်တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ နောက်ထပ် အဲ့နေရာမှာပဲ နေရာ ၁ ခု၊ ၁၆ ရက်နေ့မှာ နေရာ ၃ ခု၊ ၁၈ ရက်နေ့မှာ နေရာ ၃ ခု၊ ၁၉ ရက်နေ့မှာ နေရာ ၂ ခုနဲ့ ၂၀ ရက်နေ့မှာ နေရာ ၁ ခုစတဲ့ နေရာတွေကို မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ အဆောက်အအုံတွေ၊ ပစ္စည်းတွေနဲ့ ထပ်မံသိမ်းဆည်း နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ အဲဒီနေရာတစ်ဝိုက်မှာရှိတဲ့ SSPP/SSA လက်နက်ကိုင် အဖွဲ့ရဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စခန်းနေရာတစ်ခုကို ကျွန်တော်တို့ သိမ်းပိုက်ရရှိခဲ့ပါတယ်။ စခန်းပေါ်မှာ SSPP/SSA များ နေထိုင်တဲ့ လူနေ အဆောက်အအုံတွေ၊ မြေစိုက်သစ်လုံးဘန်ကာတွေ၊ အရှည်ပေ ၃၀၀ ခန့် ရှိတဲ့ဆက်သွယ်ရေးမြောင်းတွေ၊ သွပ်မိုးအုတ်ကာ ကင်းစောင့်တဲတွေ ကျွန်တော်တို့ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ဒီလိုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အစိုးရ ရဲ့ မူဝါဒများကို ပြောကြားပါမယ်။ နံပါတ်တစ်အနေ နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တားဆီးနှိမ်နင်း ရေးလုပ်ငန်းတွေကို အမြစ်ပြတ်အောင် တိုက်ဖျက် ရှင်းလင်းတဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ Must Win မဖြစ်မနေ အောင်နိုင်ရမည်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်ထားပြီး ဆောင်ရွက်နေပါတယ်။ နံပါတ်နှစ် အနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင် အသေးအဖွဲကအစ Zero Tolerance လုံးဝသည်းခံမှာ မဟုတ်ပါဘူး။ နံပါတ်သုံးအနေနဲ့ မူးယစ်ဆေးဝါးကို တိုက်ဖျက်တဲ့နေရာမှာ Total War on Drug မူးယစ်ဆေးဝါးကို အလုံးစုံစစ်ပွဲပုံစံနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နံပါတ်လေးအချက်အနေနဲ့ကတော့ အကြမ်းဖက်အဖွဲ့အစည်းများနဲ့ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေအကြားမှာ ဆက်နွှယ်ပတ်သက် နေတာဖြစ်တဲ့အတွက် Narco - terrorism မူးယစ်ဆေးဝါးအကြမ်းဖက်မှုအဖြစ် နိုင်ငံတော်အစိုးရက သတ်မှတ်ချေမှုန်းသွားမှာဖြစ်ပါတယ်။ နံပါတ်ငါး အနေနဲ့ကတော့ မြန်မာနိုင်ငံနဲ့မြန်မာပြည်သူလူထုရဲ့ ကောင်းရာကောင်းကျိုး အကျိုးစီးပွားကို လိုလားတဲ့နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ Engage and Cooperate ပိုမိုတက်ကြွစွာ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော့်အနေနဲ့ မိဘပြည်သူများကို ပြောကြားလိုတာကတော့ မူးယစ်ဆေးဝါးသည် လူသားမျိုးနွယ်စုတစ်ခုလုံး ရင်ဆိုင်နေရသည့် ပြဿနာဖြစ်တယ်ဆိုတာကို သတိပြုကြဖို့လိုပါ တယ်။ ဒေသခံတိုင်းရင်းသား၊ ယခုရောက်ရှိနေသည့် မီဒီယာ၊ ဒေသခံမီဒီယာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ NGO များ၊ ဒေသခံစီးပွားရေးသမားများနှင့် အခြားသော လူမှုအဖွဲ့အစည်းများ အားလုံးသည် အစိုးရအတွက်အခြေခံကျတဲ့ သတင်းအရင်းအမြစ်များဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့သတင်းရရှိရင် တာဝန်ရှိသူတွေဆီကို အချိန်မီ သတင်းပို့ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ဖြစ်စဉ်တွေမှာ အဓိကပါဝင်ပတ်သက်လျက်ရှိတဲ့မည်သည့် အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ကျွန်တော် တို့အနေနဲ့ အလေးအနက်ပြောကြားလိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့အပြင် ရန်ကုန်မြို့ အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်ကြတဲ့ UNODC (United Nations Office on Drugs and Crime)၊ AFP (Australian Federal Police)၊ DEA (Drug Enforcement Administration)၊ NNCC (National Narcotics Control Commission)၊ ONCB (Office of Narcotics Control Board) တို့နဲ့ လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင်ငံ ရဲ့ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသား မျိုးနွယ်စုတစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေနိုင်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်း ရေးလုပ်ငန်းတွေကို နိုင်ငံအတွင်းမှာရှိတဲ့ ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များကို အသုံးပြုပြီး ပြည်သူလူထုနှင့်အတူ လက်တွဲပူးပေါင်းကာ ထိရောက် ပြင်းထန်စွာ နှိမ်နင်းဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် နိုင်ငံတကာအဖွဲ့အစည်းများနဲ့လည်း တက်တက်ကြွကြွ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက တက်ရောက်လာကြသူများအား နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ရှင်းလင်းတင်ပြရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါ မြို့နယ်နဲ့ မိုင်းရယ်မြို့နယ်တို့မှာ မူးယစ်ဆေးဝါးချက် လုပ်တဲ့နေရာများ ဖော်ထုတ်သိမ်းဆည်းရမိမှုအခြေ အနေကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က ဒီနေရာမှာပဲ သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့နေရာအရောက် မြေပြင်ကွင်းဆင်းရှင်းလင်းပြသခြင်းတို့ကိုလည်း ဆောင်ရွက် ခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးချက်လုပ်နေတဲ့နေရာ ဝန်းကျင်မှာ လေကြောင်းကင်းထောက်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ မြေပြင် သတင်းစုံစမ်းဖော်ထုတ်ခြင်းတွေကို ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆက်လက်ဆောင်ရွက်တဲ့ အခါမှာ ယခင်ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးချက် လုပ်သော နေရာများ၏ ဝန်းကျင်မှာ ထပ်မံပြီးတော့ မသင်္ကာဖွယ်နေရာ ၁၄ နေရာကို ထပ်မံဖော်ထုတ် တွေ့ရှိခဲ့ရပါတယ်။
ယခင်သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြသခဲ့တဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့နေရာ ၃ နေရာကို ကျွမ်းကျင်သူများဖြင့် အသေးစိတ်စိစစ်ခဲ့ရာမှာ နေရာအမှတ် ၁ မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၉ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း)အရည် ၃၀၀ လီတာ၊ ဓာတုပစ္စည်း ၁၇ မျိုးနှင့် ဆက်စပ်ပစ္စည်း ၃၁ မျိုး၊ နေရာအမှတ် ၂ မှ ဓာတုပစ္စည်း ၈ မျိုးနှင့် ဆက်စပ်ပစ္စည်း ၂၆ မျိုး၊ နေရာအမှတ် ၃ မှ အိုက်စ် (မက်သ်အဖက်တမင်း) ၂၃၄၃ ဒသမ ၆၂ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) အရည် ၂၀၀ လီတာ၊ ဓာတုပစ္စည်း ၂၁ မျိုးနှင့် ဆေးပြားရိုက်စက် ၃ လုံး အပါအဝင် ဆက်စပ်ပစ္စည်းအမျိုး ၄၀ တို့ကို အသီးသီး သိမ်းဆည်းရရှိခဲ့ပါတယ်။ ဒီသိမ်းဆည်းရရှိခဲ့တဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့နေရာ ၃ နေရာတို့မှ စုစုပေါင်းတန်ဖိုးငွေကျပ် ၆၅ ဒသမ ၂၈၂ ဘီလီယံခန့် ရှိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါတယ်။ အိုက်စ်(မက်သ်အဖက်တမင်း) နှင့် စိတ်ကြွဆေးပြားထုတ်လုပ်ရာမှာ အသုံးပြုသော ဆက်စပ်ပစ္စည်း ကိရိယာမျိုးစုံတို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ဒီလို သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့နေရာ ၃ နေရာတို့မှ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့အတွင်း မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ ခြင်း၊ မြေမြှုပ်ဖျက်ဆီးခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ မဖျက်ဆီးမီနှင့်ဖျက်ဆီးပြီး မှတ်တမ်းဓာတ်ပုံများကိုလည်း Power Point မှာ ယှဉ်တွဲဖော်ပြထားပါတယ်။ ဒါ့အပြင် ခန်းမတွင်းဘေးဘယ်ညာရှိ ဘုတ်တွေမှာလည်း ဓာတ်ပုံများကပ်ထားပြီးဖြစ်တဲ့အတွက် ယနေ့တက်ရောက်လာကြသူများ အားလုံးအနေနဲ့ ကြည့်ရှုလေ့လာနိုင် ကြောင်း ကျွန်တော့်အနေနဲ့ပြောကြားလိုပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁ ရက် နေ့တို့မှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာနေရာအမှတ် ၃ မှာ တွေ့ရှိရတဲ့ ဓာတုပစ္စည်းများနဲ့ ချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းကိရိယာများအပေါ် ကျွမ်းကျင်သူပညာရှင်များဖြင့် ခန့်မှန်းတွက်ချက်မှုကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒီပညာ ရှင်တွေရဲ့ ခန့်မှန်းတွက်ချက်မှုများအရ ဒီနေရာ တစ်ခုတည်းမှာပဲ အိုက်စ် (မက်သ်အဖက်တမင်း) ၂၇ တန်ခန့် ထုတ်လုပ်နိုင်တာကိုတွက်ချက်ရရှိပါတယ်။ ဒါ့အပြင် တန်ဖိုးအားဖြင့် ငွေကျပ် ၅၄၀ ဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို ထုတ်လုပ်နိုင်တယ်ဆိုတာကို တွေ့ရှိရပါတယ်။ စိတ်ကြွ ဆေးပြား ထုတ်လုပ်မယ်ဆိုရင် အရေအတွက်အနေနဲ့ စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့် ထုတ်လုပ်နိုင်ပြီး တော့ တန်ဖိုးအားဖြင့် ငွေကျပ် ၁၆၂၀ ဘီလီယံခန့် ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး လည်းဖြစ်ပါတယ်။ ဒီနေရာမှာ Pressurized Metal Reactor ၆ လုံး လက်ရှိအသုံးပြုနေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် Reactor ၃ လုံးကို ထပ်မံပြီးတော့ တပ်ဆင်နေဆဲဖြစ်တဲ့အတွက် မူးယစ်ဆေးဝါး အမြောက်အမြားကို တိုးမြှင့်ထုတ်လုပ်ရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေကြောင်း တွေ့ရှိရပါတယ်။
နေရာအမှတ် ၁ မှာတော့ မူးယစ်ဆေးဝါးချက်လုပ်သူတွေဟာ ထုတ်လုပ်ပြီးတဲ့ မူးယစ်ဆေးဝါးများအားလုံးနဲ့ အရေးကြီးတဲ့ဓာတုပစ္စည်းတွေကို ရွှေ့ပြောင်းသယ်ယူဖို့အတွက် အချိန်ရသွားတာဖြစ်တဲ့အတွက် ရွှေ့ပြောင်းသွားတာကို တွေ့ရပါတယ်။ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းထားသိုရာနေရာတွေနဲ့ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေကို သူတို့မီးရှို့ဖျက်ဆီးသွားတာ ကိုတွေ့ရှိရပါတယ်။ မီးမလောင်ဘဲကျန်ခဲ့တဲ့ ဓာတု ပစ္စည်းတွေနဲ့ ပစ္စည်းကိရိယာတွေရဲ့ အထောက် အထားများအရ Pressurized Metal Reactor ၁၃ လုံးအသုံးပြုပြီး ချက်လုပ်နေတာကို တွေ့ရှိရပါ တယ်။ ဒါ့အပြင် Reactor ၇ လုံး ထပ်မံတိုးချဲ့ရန် အဆောက်အအုံများ ထပ်မံတိုးချဲ့ ဆောက်လုပ်နေတာကိုလည်း အဲ့နေရာမှာတွေ့ရတဲ့အတွက် နေရာအမှတ် ၃ ထက် နှစ်ဆကျော် ထုတ်လုပ်လျက်ရှိတာကို သုံးသပ်တွေ့ရှိရပါတယ်။
နေရာအမှတ် ၂ မှာလည်း ထုတ်လုပ်ပြီးသော မူးယစ်ဆေးဝါးများအားလုံးနဲ့ အရေးကြီးသော ဓာတုပစ္စည်းများကို နေရာအမှတ် ၁ လိုပဲ ရွှေ့ပြောင်း သွားတာကို တွေ့ရပါတယ်။ သို့သော်လည်းပဲ မူးယစ် ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ Pressurized Metal Reactor ၁ဝ လုံးနဲ့ ဆက်စပ်ပစ္စည်းကိရိယာ တွေကို ဖျက်ဆီးထားခြင်းမရှိဘဲ ကျန်ရှိနေတာကို တွေ့ရပါတယ်။ နေရာအမှတ် ၂ ရဲ့ ဧရိယာအကျယ် အဝန်းနဲ့ အသုံးပြုတဲ့ပစ္စည်းကိရိယာများအပေါ် လေ့လာတွေ့ရှိချက်များအရ နေရာအမှတ် ၃ မှာ ထုတ်လုပ်နိုင်သည့်ပမာဏထက် မလျော့နည်းဘဲ ထုတ်လုပ်နေကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ နေရာအမှတ် ၂ ဟာ နေရာအမှတ် ၃ နဲ့ တည်နေရာ အနေအထားအရ ၆ ဒသမ ၂ ကီလိုမီတာခန့်သာ ကွာဝေးတာကို တွေ့ရပါတယ်။ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာလိုအပ်တဲ့ ဆက်စပ်ဓာတုပစ္စည်း တွေကို နေရာ အမှတ် ၃ မှ ရယူချက်လုပ်နေကြောင်း သုံးသပ်တွေ့ရှိရပါတယ်။
နေရာအမှတ် ၁ နဲ့ အမှတ် ၂ မှ ထုတ်လုပ်နိုင်တဲ့ မူးယစ်ဆေးဝါးပမာဏတွေဟာ ယခင် သတင်း ထုတ်ပြန်ခဲ့တဲ့ နေရာအမှတ် ၃ မှ မူးယစ်ဆေးဝါး ထုတ်လုပ်နိုင်တဲ့ ပမာဏထက် ၃ ဆခန့် ပိုမိုထုတ် လုပ်နိုင်တယ်ဆိုတာကို စိစစ်တွေ့ရှိရတဲ့အတွက် နေရာ ၃ ခုမှာ စုစုပေါင်းငွေကျပ် ၆၄၈၀ ဘီလီယံခန့် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားများ ထုတ်လုပ် နိုင်ကြောင်း ဖော်ထုတ်သုံးသပ်တွေ့ရှိရပါတယ်။
ဆက်လက်ရှင်းလင်းဖော်ထုတ်ချက်အရ မူးယစ် ဆေးဝါးချက်လုပ်တဲ့ နေရာအမှတ် ၄ နဲ့ ၎င်းအနီး ဝန်းကျင်မှ ကနဦးစိစစ်ချက်များအရ ဘိန်းဖြူ ၁၂ ဒသမ ၄ ကီလိုနဲ့ ဓာတုပစ္စည်း ၃ မျိုး၊ ဆေးပြားရိုက်စက် ၉ လုံး၊ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံး ပြုတဲ့ ဆက်စပ်ပစ္စည်း ၇ မျိုးတို့ကို သိမ်းဆည်းရမိ ခဲ့ပါတယ်။ အဲဒီအထဲမှာ Pressurized Metal Reactor ၁၁ လုံးပါတဲ့အတွက် အမှတ် ၃ နေရာထက် ပိုမိုထုတ်လုပ်နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိရပါတယ်။ ထို့အတူဘိန်းဖြူချက်လုပ်တဲ့ Pressurized Metal Reactor ၄ လုံးနဲ့ အထောက်အကူပြု ၄ လုံး ထပ်မံတွေ့ရှိရတဲ့အတွက် ဘိန်းဖြူကိုပါချက်လုပ်၊ ထုတ်လုပ်လျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါတယ်။
မူးယစ်ဆေးဝါးချက်လုပ်တဲ့ နေရာအမှတ် ၅ မှ ဓာတုပစ္စည်း ၄ မျိုးနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်း ၃ မျိုး၊ နေရာအမှတ် ၆ မှ ဘွိုင်လာအိုး ၂ လုံး အပါအဝင် မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ဆက်စပ်ပစ္စည်း ၄ မျိုး၊ နေရာအမှတ် ၇ မှ ဓာတုပစ္စည်း ၆ မျိုး၊ ဆေးပြား ရိုက်စက် ၁ လုံးနဲ့အတူမူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ဆက်စပ်ပစ္စည်း ၁၃ မျိုး၊ နေရာအမှတ် ၈ မှ ဆေးပြားရိုက်စက် ၈ လုံးနဲ့အတူ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ဆက်စပ်ပစ္စည်း ၁၁ မျိုးကို သိမ်းဆည်းရမိခဲ့ ပါတယ်။
ကျွန်တော်တို့ ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ နေရာအမှတ် ၉ ကို ရှင်းလင်းတဲ့အခါမှာ မူးယစ်ဆေးဝါးချက်လုပ်တဲ့စခန်း၊ ချက်လုပ်တဲ့ နေရာအနေနဲ့ မတွေ့ရှိရဘဲ SSPP/SSA အဖွဲ့များ နေထိုင်တဲ့ အခိုင်အမာစခန်းတစ်ခုဖြစ်နေတာကို တွေ့ရှိရပါတယ်။ အဲဒီနေရာကိုလည်း မြန်မာ့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းလုံခြုံရေး အဖွဲ့ဝင်တွေက အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့တာကိုတွေ့ရပါတယ်။ ထူးခြားချက်အနေနဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့ နေရာများရဲ့ အနီးဝန်းကျင်မှာ SSPP/SSA ဝမ်ဟိုင်းအဖွဲ့ရဲ့စခန်းရှိနေတာကိုတွေ့ရပါတယ်။
ဆက်လက်ပြီး နေရာအမှတ် ၁၀ မှ မူးယစ်ဆေးဝါးချက်လုပ်ရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်း ၂ မျိုး၊ နေရာအမှတ် ၁၁ မှာ အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာမှာ အသုံးပြုတဲ့နေရာ ဖြစ်ကြောင်းတွေ့ရှိရပါတယ်။ မူးယစ်ဆေးဝါးချက်လုပ်တဲ့နေရာများနဲ့ဆက်စပ်ပြီး အွန်လိုင်း လိမ်လည်လောင်းကစားမှုပြုလုပ်တဲ့နေရာတွေကိုလည်း ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သက်သေခံလူနဲ့ပစ္စည်းတွေကို ထိန်းသိမ်းဖမ်းဆီးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ကြိုတင်သတင်းရရှိတဲ့အတွက် ကြိုတင်ရှောင်သွားတဲ့ အနေအထားရှိတာကို သုံးသပ်တွေ့ရှိရပါတယ်။ နေရာအမှတ် ၁၂ မှ ဓာတု ပစ္စည်း ၃ မျိုးနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်း ၇ မျိုး၊ နေရာအမှတ် ၁၃ မှ မူးယစ်ဆေးဝါးချက်လုပ်ရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်း ၈ မျိုး၊ နေရာအမှတ် ၁၄ မှ ဓာတု ပစ္စည်း ၄ မျိုးနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ဆက်စပ်ပစ္စည်း ၁၀ မျိုးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ယခုအခါမှာ မူးယစ်ဆေးဝါးအမြောက်အမြားချက်လုပ်တဲ့ ပင်ရင်းနေရာတွေကို ဖော်ထုတ်ဖျက်ဆီးနိုင်ခဲ့ခြင်းကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုပြဿနာကို ထိရောက်ပြင်းထန် စွာ ဟန့်တားနိုင်ခဲ့တာကို ထင်ရှားစွာတွေ့ရှိရမှာဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ကနေ ယနေ့အထိ မြန်မာ့တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တို့က မူးယစ်ဆေးဝါးချက်လုပ်တဲ့နေရာ ၁၂ နေရာတို့ကို ဖော်ထုတ်ရှင်းလင်းခဲ့ရာ ဘိန်းဖြူ၊ အိုက်စ်(မက်သ်အဖက်တမင်း) နဲ့ စိတ်ကြွရူးသွပ်ဆေးပြား အမြောက်အမြား ထုတ်လုပ်မှုတွေကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ဆက်လက်ဖော်ထုတ် ရှင်းလင်းလျက်ရှိပါတယ်။ အဲဒီနေရာတွေထဲက နေရာအမှတ် ၄ နဲ့ နေရာအမှတ် ၈ တို့ကို ယနေ့မြေပြင်ကွင်းဆင်းပြီး လိုက်လံ ရှင်းလင်းပြသသွားမှာဖြစ်ပါတယ်။ ဧည့်သည်တော်များအနေနဲ့ အဲဒီနေရာတွေမှာရှိတဲ့ စက်ရုံတွေရဲ့ မူးယစ်ဆေးဝါးချက်လုပ်နိုင်မှု စွမ်းအားတွေကို လည်းထပ်မံပြီး မြင်တွေ့ရမှာဖြစ်ပါတယ်။ သွားရောက်မည့် ခရီးနဲ့ပတ်သက်ပြီး အချိန်ကန့်သတ် ချက်ရှိတာကြောင့် ကွင်းဆင်းလေ့လာမှုခရီးစဉ် အတွင်းနဲ့ ခရီးစဉ်အပြန်မှသာ အပြန်အလှန်မေးခွန်း တွေကို မေးမြန်းဖြေကြားမှုတွေ ဆောင်ရွက်စေလိုပါကြောင်း ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံအပ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန်(၄)ရပ်အနက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းတွေဟာ အပါအဝင်ဖြစ်တဲ့အတွက် ဆက်လက်ပြီးတော့ မြန်မာ့တပ်မတော်နဲ့ပူးပေါင်းပြီး ကမ္ဘာ့လူသားထု တစ်ခုလုံးကို ဆိုးကျိုးပေးနေတဲ့ မူးယစ်ဆေးဝါး အန္တရာယ်ကို ဖော်ထုတ်တိုက်ဖျက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
သတင်းစဉ်
