မြစ်ကြီးနားမြို့ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး
မြစ်ကြီးနားမြို့ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 17, 2026
နေပြည်တော် မတ် ၁၆
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအပြင် သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြသည်။
ဦးစွာ တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆေးရုံတက်လူနာတစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
