မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေသည့် ပြည်ပနိုင်ငံသား ၆၂ ဦးအား မြဝတီမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ကျွန်းတောလမ်းရှိ အထည်ချုပ်စက်ရုံဟောင်းအတွင်း ဖမ်းဆီးရမိ
မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေသည့် ပြည်ပနိုင်ငံသား ၆၂ ဦးအား မြဝတီမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ကျွန်းတောလမ်းရှိ အထည်ချုပ်စက်ရုံဟောင်းအတွင်း ဖမ်းဆီးရမိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 20, 2026
နေပြည်တော် မတ် ၂၀
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့် နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်မှုမရှိစေရေးတို့ကို အသေးစိတ် စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၅)ရပ်ကွက်၊ ကျွန်းတောလမ်း အနီးတစ်ဝိုက်တွင် မြန်မာနိုင်ငံအတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေသည့် ပြည်ပနိုင်ငံသားများ ဝင်ရောက်ပုန်းအောင်းနေထိုင်လျက်ရှိကြောင်း သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့များက သွားရောက်စစ်ဆေးရာ မတ် ၂၀ ရက် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် အဆိုပါလမ်းရှိ အထည်ချုပ်စက်ရုံဟောင်းအတွင်း ပုန်းအောင်းနေသည့် တရုတ်နိုင်ငံသား အမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၁ဦး စုစုပေါင်း ၆၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထိုသို့ မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသော တရုတ်နိုင်ငံသားအား သက်ဆိုင်ရာ၌ ထိန်းသိမ်းထားရှိပြီး ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁) / ၁၃ (၁) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
