ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ရုံးစာရွက် စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်နေသူများအား ဖော်ထုတ်ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ရုံးစာရွက် စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်နေသူများအား ဖော်ထုတ်ဖမ်းဆီး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 19, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ရုံးစာရွက်စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်နေသူများအား ဇန်နဝါရီ ၁၄ ရက်က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ရုံးစာရွက်စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်ခြင်းများရှိကြောင်းသတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက သတင်းစုံစမ်းဖော်ထုတ်ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၄ ရက် ည ၆ နာရီခွဲတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗထူး(၁၁)လမ်းနေ ဂျင်မီအောင်(ခ)ကုလားကြီး(ခ)ဟာရွန်(၄၀)နှစ်၏ နေအိမ်အတွင်းမှ ၎င်းနှင့်အတူ ကျော်ထက်အောင်(၂၄)နှစ်တို့နှစ်ဦးအား ပြုလုပ်ထားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ၄၅ ခု၊ ပြုလုပ်ဆဲ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ၁၁၀ ခု၊ သာသနာစိစစ်ရေးကတ်ပြားအတု ၃ ခု၊ ရဲစခန်းပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာအတု ၁၂၀ ၊ ရပ်ကွက်ထောက်ခံစာ အတု ၄ ရွက်၊ ကျောင်းထောက်ခံစာအတု ၃ ခု၊ အိမ်ထောင်စုလူဦးရေစာရင်းအတု ၅၃ ခု၊ အလုပ်သမား မှတ်ပုံတင်ကတ်ပြားအတု ၁၁၀ ၊ ဌာနဆိုင်ရာ/ ရုံးတံဆိပ်အတု ၁၈ ခု၊ လက်ကိုင်ဖုန်းတစ်လုံး၊ ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း။

ထို့အတူ ည ၈ နာရီတွင် ရွှေပြည်သာမြို့နယ်၊ (တ/၁၅)ရပ်ကွက်၊ ရေအိုးစဉ်လမ်းနေ ညီထွေးနိုင်(ခ)ကုလားဘုန်းကြီး(ခ)ဟာစန်း(၂၈)နှစ်၏ နေအိမ်အတွင်းမှ ၎င်းနှင့်အတူ ဇင်မောင်နိုင် (ခ)နူရွတ်လာ(၂၃)နှစ်တို့နှစ်ဦးအား ပြုလုပ်ထားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ၉ ခု၊ ပြုလုပ်ဆဲ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ၈ ခု၊ အိမ်ထောင်စုလူဦးရေစာရင်းအတု ၄ ခု၊ ဌာန ဆိုင်ရာ/ရုံးတံဆိပ်အတု ၁၂ ခု၊ လက်ကိုင်ဖုန်း ၂ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ရုံးစာရွက်စာတမ်းများ လိမ်လည်အတုပြုလုပ်သည့် ဖမ်းဆီးရမိတရားခံ ဂျင်မီအောင်(ခ)ကုလားကြီး(ခ)ဟာရွန်နှင့် ကျော်ထက်အောင် တို့အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း (ပ)၄၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/ ၄၆၈ ဖြင့် လည်းကောင်း၊ ညီထွေးနိုင်(ခ)ကုလားဘုန်းကြီး(ခ)ဟာစန်းနှင့် ဇင်မောင်နိုင်(ခ)နူရွတ်လာတို့အား လှော်ကားနယ်မြေရဲစခန်း (ပ)၁၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/ ၄၆၈ ဖြင့်လည်းကောင်း အမှုရေးဖွင့်ဖမ်းဆီးစစ်ဆေးကာ ထိရောက်စွာအရေးယူနိုင်ရေးနှင့် ပူးပေါင်းပါဝင်ကျူးလွန်သူများ အားလည်း ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။